ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်း စင်ကာပူကို အရေးနိမ့်

ရန်ကုန်  ဒီဇင်ဘာ   ၅


၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို   ဒီဇင်ဘာ ၅ ရက်မှစ၍ စင်ကာပူနိုင်ငံ၌ စတင်ကျင်းပရာ အိမ်ရှင်စင်ကာပူနှင့် ထိုင်းအသင်း ပွဲဦးထွက်အနိုင်ရခဲ့ပြီး မြန်မာနှင့် တီမောအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။

 


အုပ်စု (က) ပထမနေ့တွင် ထိုင်းအသင်းက တီမောအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အိမ်ရှင်စင်ကာပူအသင်းက မြန်မာအသင်းကို သုံးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၃၀ ဝန်းကျင် အထိသာ စင်ကာပူအသင်းကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး အဖွင့်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်း ပြိုဆင်းသွားကာ ပထမပိုင်းမှာပင် သုံးဂိုး ပြတ် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အုပ်စုကျပ်အတွင်း ကျရောက်နေ သည့် မြန်မာအသင်းအနေဖြင့် အိမ်ရှင်စင်ကာပူအသင်းကို အရေး နိမ့်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေး ဖိအားများသွားပြီဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပွဲထွက်လူစာရင်း၌   မောင်မောင်လွင်   (အသင်းခေါင်းဆောင်)၊ ဒေးဗစ်ထန်း၊   ရန်နိုင်ဦး၊   မျိုးမင်းလတ် (ဂိုး)၊   ဟိန်းထက်အောင်၊ အောင်ကောင်းမာန်၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ လှိုင်းဘိုဘို၊ ဆွမ်လမန်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစပိုင်းတွင်  နှစ်သင်းစလုံး အပြန်အလှန်ကစားနိုင်ခဲ့ပြီး  မြန်မာအသင်း ဂိုးရနိုင်သည့်အခွင့်အရေး ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့်  နစ်နာခဲ့ရသည်။ စင်ကာပူ အတွက် ပထမဂိုးကို ၃၄ မိနစ်တွင် ဘာဟာရူဒင်က ထောင့်ကန်ဘောမှ တစ်ဆင့်   ခေါင်းတိုက်သွင်းယူခဲ့သည်။   ဂိုးရပြီးနောက်ပိုင်းတွင် စင်ကာပူအသင်း စိတ်ကြိုက်ကစားလာနိုင်ပြီး တိုက်စစ်မှူး ဖန်ဒီက ၃၉၊ ၄၅+၁ မိနစ်တွင် နှစ်ဂိုးသွင်းယူပေးခဲ့သည်။ 
 မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်းနှင့် ကစားရမည်ဖြစ်သည်။        

              
ရဲရင့်လွင်