မြန်မာနိုင်ငံ၏ရရှိလာသော လာဘ်အမျိုးမျိုးတွင် မြတ်စွာဘုရား၏ ဒေသနာတော် ဖြစ်သော ပိဋကတ်သုံးပုံကို ရရှိခြင်းသည် အလွန်ထူးကဲသောလာဘ်ဖြစ်ပါသည်။ ပုဂံခေတ်အစောပိုင်းကပင် ပိဋကတ်သုံးပုံအစုံအလင်ရောက်ရှိနေကြောင်း ခိုင်မာ သောအထောက်အထားများရှိသည်။ မြန်မာများ(တိုင်းရင်းသားလူမျိုးပေါင်းစုံ)တို့ ပိဋကတ်သုံးပုံကို အခြေခံသည့် ၅၅၀ ဇာတ်တော်ယဉ်ကျေးမှုရရှိခြင်းသည် ပထမ ကံကောင်းခြင်းဖြစ်သည်။
ဇာတကယဉ်ကျေးမှုကို ကျောရိုးပြုသော ပျို့လင်္ကာစာပေရရှိလာခြင်းမှာ ဒုတိယကံကောင်းခြင်းဖြစ်သည်။ ရိုးသားဖြူစင်သော ရှေးရှေးကာလက လူသားများ ၏ စိတ်နေစိတ်ထား၊ ဓလေ့ထုံးစံ၊ လူနေမှုဘဝ ကောင်းသောအခြင်းအရာများကို ဇာတကဝတ္ထုများမှတစ်ဆင့် ပျို့ကဗျာစာပေတို့တွင် တွေ့ရ၍ အများပြည်သူတို့ မှတ်သားလိုက်နာကျင့်ကြံလုပ်ကိုင်လာခြင်းသည် တတိယကံကောင်းခြင်းဖြစ်သည်။ ထိုသို့ စာပေမှကံကောင်းခြင်းကိုရရှိသည့် မြန်မာနိုင်ငံသည် အစဉ်အလာကြီးမား သောယဉ်ကျေးမှုဓလေ့ထုံးစံ ကျင့်ကြံအားထုတ်မှုများဖြင့် အေးချမ်းသာယာစွာ နှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့ကြသည်။
“စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုမျက်နှာစာဖြစ်သကဲ့သို့ နိုင်ငံနှင့် လူမျိုးတိုးတက်ဖွံ့ဖြိုးရေးတွင် အရေးပါလှသည့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်ကြီး တစ်ခုဖြစ်သည်ကို မြန်မာ့သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုများတွင် အထင်အရှားတွေ့နိုင် မည်ဖြစ်ပါကြောင်း၊ မြန်မာလူမျိုးနှင့် မြန်မာစာပေသည် ခေတ်အဆက်ဆက် မကင်းမကွာရှိနေခဲ့ပြီး အမျိုးသားရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် စာပေနှင့်ပြည်သူတို့ အပြန်အလှန်အကျိုးပြုနိုင်ခဲ့သည့် သာဓကများစွာရှိပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သော အမျိုးသား ယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းမြှင့်တင်စောင့်ရှောက်ပေးလျက်ရှိသည့် မြန်မာစာဆိုတော်များကို နှစ်စဉ် နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့တွင် ဂုဏ်ပြုပေးလျက်ရှိသည်။ မြန်မာစာပေ မတိမ်ကော၊ မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ကြသူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မြန်မာစာပေအရှည် တည်တံ့ခိုင်မြဲစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြစ်သည်။ မြန်မာစာပေပညာရှင်များအား နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လျက်ရှိရာ ၁၉၄၄ ခုနှစ် ပထမအကြိမ်စာဆိုတော်နေ့မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၇၇ နှစ် တိုင်တိုင် အစဉ်အလာမပျက်ပြုလုပ်နိုင်ခဲ့သည်။
မြန်မာဘာသာစကားနှင့်စာပေသည် မြန်မာ့သမိုင်းရေစီးကြောင်းတွင် ခိုင်မာ တည်တံ့စွာထင်လင်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အတွက် အသိဉာဏ်အမြော်အမြင်နှင့် စိတ်ခွန်အားများ တိုးတက်ဖွံ့ဖြိုးလာစေရန် စေတနာဖြင့် သုတရသစာပေအဖြာဖြာကို အားထုတ်ရေးဖွဲ့ခဲ့သည့် စာပေပညာရှင် များ၊ စာဆိုတော်များ ကျေးဇူးတရားကို အလေးအမြတ်ဂုဏ်ပြုရမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်မှစ၍ ရဟန်းစာဆို၊ လူစာဆိုတို့၏ မှတ်သား လောက်သောရေးဖွဲ့မှုများအား ယနေ့တိုင်အောင် ထိန်းသိမ်းစောင့် ရှောက်ထားနိုင် ခြင်းသည် ထူးကဲသောကံကောင်းခြင်းဖြစ်သည်။ အဆိုပါကံကောင်းမှုများကို မပျက်စီးမဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များအား လေးစားဂုဏ်ယူရမည်ဖြစ်သည်။ မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှုသည် နှစ်ပေါင်းရှည်ကြာ တည်တံ့ခိုင်မြဲထွန်းကားလာခဲ့သော်လည်း မျက်မှောက်ကာလ တွင် ခေတ်ရေစီးကြောင်းပြောင်းလဲလာမှုကြောင့် မြန်မာစာပေအပေါ်တွင် အများ ပြည်သူတို့၏စိတ်ဝင်စားမှုမှာ လျော့နည်းကျဆင်းလာသည်ကို တွေ့ရသည်။
မြန်မာစာပေကို မည်မျှထိန်းသိမ်းစောင့်ရှောက်ပါသော်လည်း စာပေအမွေ ဆက်ခံသူ၊ စာပေမြတ်နိုးသူတို့ နည်းပါးလာပါက မြန်မာ့ယဉ်ကျေးမှုစာပေအစဉ်အလာ များ တိမ်ကောလာမည်မှာအမှန်ဖြစ်သည်။ ထို့ကြောင့် ယနေ့ကာလတွင် မြန်မာ စာပေဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စာပေမြတ်နိုးသူများက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နေမှုများကို ကျေးဇူးတင်မိသည်။ ခေတ်မီ တိုးတက်မှုများကို မကျော်လွှားနိုင်သော်လည်း မြန်မာစာပေ မတိမ်ကော မပပျောက် စေရေးအတွက် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာကောင်းပေမွန်များ ပေါ်ထွက်ရေးနှင့် သင့်တင့်လျောက်ပတ်သောအဖိုးနှုန်းထားများဖြင့် ပြည်သူတို့ လက်ဝယ်သို့ ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိတွေ့ဆက်ဆံမှုများတွင် စာပေ၏ ပြောင်မြောက်သောစွမ်းဆောင်မှုများသည် အရေးပါသည့်အချက်များဖြစ်ရာ နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ် အလာကြီးမားခဲ့သော မြန်မာစာပေဖွံ့ဖြိုးတိုးတက်တည်တံ့ခိုင်မာရေးကို ဝိုင်းဝန်း ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။