
ဂျကာတာ ဒီဇင်ဘာ ၅
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဆီမီယူ မီးတောင် ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၃ ဦး သေဆုံး ပြီး ၉၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါဆီမီယူမီးတောင်သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါမီးတောင်ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့သူနှစ်ဦးကို မည်သူမည်ဝါဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်သေဆုံးသူများကို ဆက်လက်အတည်ပြုနိုင်ရန် လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မူဟာရီက ပြောကြားသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ဦးအပါအဝင် အဆိုပါဖြစ်စဉ်အတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သူများကို နီးစပ်ရာဆေးရုံများ၌ ဆေးကုသမှုခံယူရန် တာဝန်ရှိသူများက ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ဒေသခံ ၉၀၂ ဦးအား ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းမီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ပြာမှုန်များသည် ဒေသအတွင်းရှိ လူနေအိမ်များ၊ လမ်းများနှင့် တံတားတစ်ခုအပေါ်သို့ ဖုံးလွှမ်းသွားခဲ့ ကြောင်း သိရသည်။ ဒေသဆိုင်ရာတာဝန်ရှိသူများ သည် စက်ယန္တရားကြီးများအသုံးပြုကာ လမ်းများ ပေါ်တွင် ဖုံးလွှမ်းနေသော ပြာမှုန်များကိုဖယ်ရှားပြီး မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ပျောက်ဆုံး လျက် ရှိသူများအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
မီးတောင်မှချော်ရည်များမှာ အနီးအနားရှိမြစ်များ ထဲသို့ စီးဆင်းသွားနိုင်သဖြင့် အဆိုပါမြစ်ချောင်းများ အနီးသို့ သွားရောက်ခြင်းမပြုရန် ဒေသခံများအား တာဝန်ရှိသူများက ညွှန်ကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ