ဇမ်ဘီယာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများအား စတင်တွေ့ရှိ

လူဆာကာ   ဒီဇင်ဘာ   ၅


တောင်အာဖရိကဒေသရှိ နိုင်ငံတစ်နိုင်ငံဖြစ်သော ဇမ်ဘီယာနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ  သုံးဦး စတင်တွေ့ရှိခဲ့ ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။ 


၎င်းဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် အမျိုးသား နှစ်ဦးသည် ပြည်ပသို့ခရီးသွားလာခဲ့သော ခရီးသွားရာဇဝင်ရှိကြောင်းနှင့်  ကျန်အမျိုးသမီးတစ်ဦးမှာ လူဆာကာမြို့ရှိဆေးရုံ၌ အအေးမိတုပ်ကွေး ရောဂါဖြင့် တက်ရောက်ကုသနေသူဖြစ်ကာ ပြည်ပသို့ခရီးသွားလာခဲ့ခြင်းမရှိကြောင်း ဇမ်ဘီယာကျန်းမာရေးဝန်ကြီး ဆယ်လ်ဗီရာမာဆီဘို က ပြောကြားသည်။ 


နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များကို   လိုက်နာဆောင်ရွက်ရန်  ၎င်းက တိုက်တွန်းပြောကြားသည်။ မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် နိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းတစ်ရပ်လုံးကလည်း ကိုဗစ်-၁၉  ရောဂါ တိုက်ဖျက်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း  ၎င်းကပြောကြားသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ အများအပြား၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိ ကြောင်း သိရသည်။ 


ဇမ်ဘီယာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၀၂၉၄ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ ၃၆၆၇ ဦးရှိကာ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၀၆၄၅၄ ဦးရှိကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ