
နေပြည်တော် သြဂုတ် ၂၂
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းဆိုင်ရာ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ၊ မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၇၈ ရက်သာ လိုတော့ပါကြောင်း၊ ပထမကဏ္ဍအနေဖြင့် မဲစာရင်းကိစ္စအတွက် ပြောလိုပါကြောင်း၊ သြဂုတ် ၁၄ ရက်တွင်
ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာခြင်း ပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူ များ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ပေးရန် လျှောက်ထားမှုများလည်း လက်ခံရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက် နေကြပြီဖြစ်ကြောင်း၊ မဲစာရင်းတွင် ကျန်ရှိ၍ ပုံစံ (၃)ဖြင့် လျှောက်ထားသူ များကို မဲပေးခွင့်ရှိသူဖြစ်က မဲစာရင်း တွင် ဖြည့်သွင်းရန်နှင့် ထပ်မံမကျန်ရှိ စေရန်၊ ပုံစံ(၄)ဖြင့် ပယ်ဖျက်ရန် တောင်းဆိုထားသည့် မပါဝင်သင့်သူ များကို မဲစာရင်းတွင် ပယ်ဖျက်ရန်၊ ပုံစံ (၄−ဂ) ဖြင့် လျှောက်ထားသည့် ပြင်ဆင်ရမည့် အချက်အလက်များကို မှန်ကန်စွာပြင်ဆင်ပေးရန်၊ ပထမ အကြိမ်မဲစာရင်းတွင်ပါဝင်ပြီး ဒုတိယ အကြိမ် မဲစာရင်းကပ်ထားချိန်တွင် မပါရှိတော့ခြင်းမျိုး မဖြစ်စေရန်တို့ကို စနစ်တကျ ဆောင်ရွက်ကြရန်လို ကြောင်း၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ် တကျ သေချာစစ်ဆေးရန်လိုကြောင်း၊ ဆင့်ကဲဆင့်ကဲ ကြီးကြပ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် အမှားအယွင်းမရှိအောင် ပြင်ဆင် ဆောင်ရွက်ကြစေလိုကြောင်း။
ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်
ဒုတိယကဏ္ဍအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းများကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက် ပြီးလျှင် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းများကို ကြေညာ သွားရမည်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းများ ကြေညာပြီးလျှင် မဲဆွယ်စည်းရုံးခွင့် ပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း။
ယခုအခါ အစိုးရ၏ခွင့်ပြုချက်နှင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင် ဆန္ဒမဲပေးနိုင်ရန် လျှောက်ထားသည့် ပုံစံ (၁၅) များကို နိုင်ငံခြားရေးဝန်ကြီး ဌာနက ပေးပို့ခဲ့ပြီး ကော်မရှင်မှ စိစစ် လက်ခံ၍ မြို့နယ်များသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်များ အနေဖြင့် မဲစာရင်းတွင် ပါဝင်မှု ရှိ/မရှိ၊ မဲပေးခွင့် ရှိ/မရှိကို သေသေချာချာ စိစစ်ရန်နှင့် မဲပေးခွင့်မရှိပါက မရှိသည့်အကြောင်းရင်းကို သေချာစွာ မှတ်တမ်းပြုစုထားရန် လိုကြောင်း၊ ကြိုတင်မဲလက်မှတ်များကို သက်ဆိုင် ရာ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စား လှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ သတ်မှတ်ရက်တွင် ပေးပို့နိုင်ရန် ဆောင်ရွက်ကြရန်လိုကြောင်း။
ကြိုတင်စီစဉ်ဆောင်ရွက်
ရွေးကောက်ပွဲကျင်းပရန် နီးကပ် လာသည်နှင့်အမျှ လုပ်ငန်းစဉ်များ လည်း စဉ်ဆက်မပြတ်ရှိလာနေပြီ ဖြစ်ကြောင်း၊ မဲလက်မှတ်ရိုက်နှိပ်ရေး၊ မဲရုံများ သတ်မှတ်တည်ဆောက်ရေး၊ မဲရုံသုံးပစ္စည်းများ လုံလုံလောက် လောက်ရရှိရေးနှင့် သက်ဆိုင်ရာ မဲရုံ များကို အချိန်မီရောက်ရှိရေး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်ရေး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကို သင်တန်းပေးရေး၊ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲကိစ္စများ အားလုံး အဆင်ပြေချောမွေ့ပြီး အချိန် နှင့် တစ်ပြေးညီပြီးမြောက်ရန် ကြိုတင် စီစဉ် ဆောင်ရွက်ထားရန်လိုကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးကာလအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျန်းမာ ရေး စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သရုပ်ပြမဲရုံများ ခင်းကျင်း ပြီး လိုအပ်ချက်များကို ကြိုတင် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများကို ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ညွှန်ကြားချက်များနှင့်အညီ ဆောင် ရွက်နိုင်ရေး ကြိုတင်စီမံထားရန် လိုမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် လိုအပ်သည့် Mask များ၊ Hand Gel များ ဖြန့်ဝေ ပေးနိုင်ရေးအတွက်လည်း စီမံဆောင် ရွက်နေပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ များအနေဖြင့် မဲရုံများ တည်ဆောက် ရာတွင် ကျယ်ဝန်းသည့်အဝန်းအဝိုင်း ဖြစ်ရန်၊ လိုအပ်လျှင် အဆိုင်းများ ခွဲနိုင် ရန်၊ မဲဆန္ဒရှင်များ တန်းစီရာတွင် လုံလောက်သည့် အကွာအဝေးနေရာ ဖြစ်ရန် စီမံရမည်ဖြစ်ကြောင်း၊ မဲရုံ တစ်ရုံတွင် မဲဆန္ဒရှင်အရေအတွက် ၁၀၀၀ ထက်ပိုနေလျှင် နှစ်ဆိုင်းခွဲရန် နှင့် ၂၀၀၀ အထက်ပိုလျှင် သုံးဆိုင်းခွဲ ဆောင်ရွက်ရန် လိုမည်ဖြစ်ကြောင်း၊ အဆိုင်းပေါ်မူတည်ပြီး တိုးလာမည့် မဲရုံအဖွဲ့ဝင်ကိုလည်း တွက်ချက် ဆောင်ရွက်ရန်လိုမည်ဖြစ်ကြောင်း။
သတင်းရယူခွင့် ခွင့်ပြု
ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ရေးအဖွဲ့များနှင့် ရွေးကောက်ပွဲ လေ့လာသူများကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ကော်မရှင်တွင်လည်း လျှောက်ထားမှုများရှိနေပြီး ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာခွင့်ကတ်များထုတ်ပေးရန် ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ လာမည့် စက်တင်ဘာလတွင် လည်း ရွေးကောက်ပွဲနေ့တွင် သတင်း မီဒီယာသမားများ သတင်းရယူခွင့်ကို ခွင့်ပြုကြောင်းနှင့် လျှောက်ထားနိုင် ကြောင်းကို ကြေညာချက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို စံ (၅) ချက်နှင့်အညီ စံပြအဖြစ်ကျင်းပနိုင်အောင် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် ရွေးကောက် ပွဲလုပ်ငန်းစဉ်တိုင်းကို အဆင်ပြေ ချောမွေ့အောင်စီမံကြရန်နှင့် လိုအပ် ချက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ တင်ပြသွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များမှ တာဝန်ရှိသူများက လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ မဲဆန္ဒရှင် စာရင်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ မဲရုံများ လျာထားသတ်မှတ်ခြင်း တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိ မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်