အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆိုင်းငံ့ထားရ

 

 

ဂျကာတာ ဒီဇင်ဘာ  ၆
အင်ဒိုနီးရှားနိုင်ငံ    ဆမ်မရူမီးတောင်မှ    ပြာများ မှုတ်ထုတ်နေသည့်အတွက်  ဒီဇင်ဘာ ၆  ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆိုင်းငံ့ထားရသည်ဟု သိရသည်။
ဂျာဗားကျွန်းပေါ်ရှိ  အကြီးဆုံးတောင်မှ မီးတောင် ပေါက်ကွဲမှုဖြစ်ပွားပြီး    ပြာများကို ကောင်းကင်ယံ အထိ   မှုတ်ထုတ်ခဲ့သည်။ ထို့ကြောင့်   ပြည်သူများ  နေရပ် စွန့်ခွာထွက်ပြေးခဲ့ရပြီး သေဆုံးသူမှာ ၁၄ ဦးထက် မနည်းရှိသည်ဟု သိရသည်။ 
နောက်ထပ်မီးတောင်လှုပ်ရှားမှုများ ရှိနေသည့် အတွက်   ဒီဇင်ဘာ  ၆   ရက်တွင်    ကယ်ဆယ်ရေး လုပ်ငန်းများကို  ဆိုင်းငံ့ထားရသည်ဟု သိရသည်။ အခြေအနေများ တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် ကယ်ဆယ်ရေးလုပ်ငန်းများ  ပြန်လည်စတင်မည်ဟု ကယ်ဆယ်ရေးလုပ်သားတစ်ဦးဖြစ်သူ     ရီဇယ် ပနားမားက ပြောသည်။
ပျောက်ဆုံးနေသည့်လူများ ရှိနေဆဲဖြစ်ကြောင်း ကိုလည်း ၎င်းက ဆက်လက်ပြောသည်။ မီးတောင် အဝမှ   ငါးကီလိုမီတာအကွာသို့  သွားလာခြင်းများ မပြုလုပ်ကြရန်လည်း အာဏာပိုင်များက ဒေသခံများ ကို အကြံပြုထားသည်။ 
ကမ်ပေါင်ရမ်တန်ကျေးရွာရှိ  သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လူ ၁၅ ဦး ပိတ်မိနေပြီး ၎င်းတို့ထံမှ သတင်းမကြားရသေးဟု သိရသည်။  ၂၀၁၈  ခုနှစ် နှောင်းပိုင်းကလည်း   ဂျာဗားကျွန်းနှင့်   ဆူမားတြား ကျွန်းတို့ကြား  ရေလက်ကြားတွင်   မီးတောင် ပေါက်ကွဲမှုကြောင့်   ရေအောက်တွင် မြေပြိုမှုနှင့် ဆူနာမီဖြစ်ပေါ်ခဲ့ပြီး   လူပေါင်း ၄၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရသည်။                               အေအက်ဖ်ပီ