နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GORINCHEM ကုမ္ပဏီမှ ဝယ်ယူခဲ့သော ဧရာမောင် နှင့် သလ္လာမောင် သောင်တူးရေယာဉ်အသစ် နှစ်စင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်


 

ရန်ကုန် ဩဂုတ် ၂၂


ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GO-RINCHEM ကုမ္ပဏီမှဝယ်ယူခဲ့သော အရည်အသွေးမြင့် “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူးရေယာဉ်အသစ် နှစ်စင်း (Cutter Suction Dredger-CSD 500) အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းရှိ JV of Myanmar Shipyards - AMECC ရုံးဝင်းအတွင်း၌ ကျင်းပသည်။
ဒီဇိုင်းရေးဆွဲခြင်းဆောင်ရွက်
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်း (Ayeyarwady Integrated River Basin Management (AIRBM) Project) ၏ စီမံကိန်းအပိုင်း(၃)၏အစီအစဉ်ဖြင့် ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် အရည်အသွေးမြင့် သောင်တူးရေယာဉ် နှစ်စင်း အား ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းအပိုင်း(၃) (Component-3) အနေဖြင့် ဧရာဝတီမြစ်အတွင်း မန္တလေး မှ ညောင်ဦးအထိ ရေလမ်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ခြင်း၊ ရေလမ်းတိုင်းတာရေးစနစ်များ၊ ကိရိယာများမြှင့်တင် ခြင်း၊ (၂၄)နာရီ ရေလမ်းပြအမှတ်အသားများ တပ်ဆင် ခြင်း၊ မြစ်ကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် လုံခြုံစိတ်ချရပြီး ဈေးနှုန်းသက်သာသော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညောင်ဦး- ရန်ကုန်အထိ ရေကြောင်းတိုင်းတာရေး ဆောင်ရွက်ပြီး Navigation Charting ပြုလုပ်ခြင်း၊ ရေလမ်းပြအမှတ်အသားများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်းနှင့် မန္တလေး-ညောင်ဦး ရေလမ်းဖွံ့ဖြိုးရေးအတွက် အင်ဂျင်နီယာဆိုင်ရာ ဖြစ်နိုင်ခြေ လေ့လာခြင်းနှင့် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
များစွာ အထောက်အကူပြုမည်
ဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင်ရှိသည့် မြစ်ချောင်း များကို ရေလမ်းဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် သောင်တူး ရေယာဉ်များအနေဖြင့် လက်ရှိ Cutter Suction Dredger ၁၂ စင်း၊ Backhoe Dredger ၃ စင်း၊ Grab Dredger တစ်စင်း၊ Trailing Suction Dredger တစ်စင်း၊ Work boat ၁၂ စင်း၊ Split Barge လေးစင်းနှင့် Amphibious Multipurpose Dredger တစ်စင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနတွင် လက်ရှိစွမ်းရည် အမြင့်ဆုံးသောင်တူး သင်္ဘောမှာတစ်နာရီလျှင် ကုဗမီတာ ၄၀၀ သာ တူးဖော်နိုင်ပြီး ယခု CSD-500 သောင်တူး ရေယာဉ်များမှာ တစ်နာရီလျှင် ကုဗမီတာ ၁၀၀၀ အထိ တူးဖော်ပေးနိုင်မည်ဖြစ်၍ ဌာနလုပ်ငန်းများကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယင်းနောက် ရန်ကုန်-မန္တလေးသင်္ဘောများ ရာသီမရွေး ၂၄ နာရီ သွားလာ နိုင်ရန်နှင့် နိုင်ငံ၏ ကုန်စည် စီးဆင်းမှုကို ကုန်ကျစရိတ် သက်သာစွာဖြင့် ပို့ဆောင်နိုင် ရန်အတွက် ယခုဝယ်ယူခဲ့သော သောင်တူးသင်္ဘောနှစ်စင်းကြောင့် နိုင်ငံ၏ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens က မြန်မာနိုင်ငံ နှင့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် နယ်သာလန်နိုင်ငံ အနေဖြင့် အမြဲအဆင်သင့်ရှိပါကြောင်း၊ ရေနှင့်ဆိုင်သော သဘာ၀ဘေးအန္တရာယ်များ စီမံခန့်ခွဲမှုများတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် သောင်တူး ရေယာဉ်သစ်များ၏ မှတ်တမ်းဗီဒီယို ပြသမှုကို ကြည့်ရှုကြသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နှင့် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်တို့က အမှတ်တရလက်ဆောင် များကို အပြန်အလှန်ပေးအပ်ကြပြီး “ဧရာမောင်”နှင့် “သလ္လာမောင်” သောင်တူးရေယာဉ်သစ် နှစ်စင်းနှင့် သက်ဆိုင်သည့်စာရွက်စာတမ်းများကို DAMEN ကုမ္ပဏီ ကိုယ်စားလှယ်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် သောင်တူး ရေယာဉ်သစ်များပေါ်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
သတင်းစဉ်