
နေပြည်တော် ဩဂုတ် ၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်တွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေ သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများ နှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေး သည်။
ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သည် မြန်ဆန်လျက်ရှိပြီး ဩဂုတ် ၁၆ ရက်မှ ၂၁ ရက်အထိ ငါးရက်တာကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦး တွေ့ရှိခဲ့ပြီး ၄၄ ဦးသည် စစ်တွေမြို့မှ ဖြစ်ပါကြောင်း၊ ယခု စစ်တွေမြို့၌ ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစား ဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရခိုင် ပြည်နယ် လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး တို့နှင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ကာ ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အခြားနေရာဒေသများသို့ ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်တွေသူနာပြုနှင့် သားဖွား သင်တန်းကျောင်းမှ အောင်မြင်ခဲ့သည့် သူနာပြု ၅၆ ဦးအား ရခိုင်ပြည်နယ်တွင် ယမန်နေ့က ခန့်အပ်တာဝန်ချထားခဲ့ပြီး ဖြစ်ကြောင်း၊ ဩဂုတ် ၂၃ ရက်တွင်လည်း “မိမိဆန္ဒ အလျောက်” ရခိုင်ပြည်နယ်တွင် ယာယီ တာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး တစ်ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) သုံးဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာ အထူးကု) တစ်ဦးနှင့် လက်ထောက်ဆရာဝန် ၁၃ ဦးကို ဆေးနှင့် ဆေးပစ္စည်းကိရိယာများ နှင့်အတူ အထူးလေယာဉ်ဖြင့် ထပ်မံပို့ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးမှုများကို စစ်တွေပြည်သူ့ဆေးရုံကြီး တွင် GeneXpert စက်နှစ်လုံးဖြင့် စစ်ဆေးလျက် ရှိပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီး တစ်ဦး နှင့် အဏုဇီဝဗေဒပညာရှင် နှစ်ဦးကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီး ဖြစ်၍ ဩဂုတ် ၂၃ ရက်တွင် သွားရောက် ကြမည်ဖြစ်ပါကြောင်း၊ စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် လူနာထားရှိရန် နေရာများ တိုးချဲ့ခြင်းကို လုပ်ဆောင်နေပြီး လိုအပ်ပါက ယာယီဆေးရုံများပြုလုပ်ရန် စီစဉ်လျက် ရှိပါကြောင်း။
အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ထိန်းချုပ်ရန် ခက်ခဲသော ကူးစက်ဖြစ်ပွားမှုအခြေအနေများဖြစ်ပွားနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာရှိသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကဲ့သို့ အခြားပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ကျန်တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများကိုလည်း ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ ယခုလ ၁၃ ရက်နေ့ တွင် “ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း ဖြစ်ပွားလာပါက စနစ်တကျ တုံ့ပြန်ဆောင်ရွက် ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise)”ကို ပြည်သူ့ကျန်းမာရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးရှုထောင့်မှ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဆေးရုံကြီး တစ်ခုချင်းစီအလိုက် အရေးပေါ်အခြေအနေများအတွက် စားပွဲဝိုင်း လေ့ကျင့်ခန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့မှုများရှိသော်လည်း ယနေ့ပြုလုပ် သည့် စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ကပ်ရောဂါ များအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ပါက ဆေးရုံပိုင်းဆိုင်ရာ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေး ကြရမည်ဖြစ်ပါကြောင်း။
လက်တွေ့ဆောင်ရွက်နိုင်မည်များဆွေးနွေး
ထိုသို့ဆွေးနွေးရာတွင် မိမိတို့နိုင်ငံ၏ ပကတိလက်တွေ့မြေပြင်အခြေအနေ၊ မိမိတို့ တွင်ရှိသော လူ့စွမ်းအား၊ ဘဏ္ဍာငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ အချိန်အတိုင်းအတာတို့နှင့် အမှန်တကယ်ကိုက်ညီသည့် နည်းဗျူဟာများ နှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး အလေးထားဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးရုံတစ်ရုံသို့ COVID-19 လူနာများ ရောက်ရှိ လာပါက - (က) ကျန်းမာရေးဝန်ထမ်းများထံ ရောဂါမကူးစက်စေရန်၊ (ခ) အခြားလူနာများထံရောဂါမကူးစက်စေရန်၊ (ဂ) သီးခြားထားရှိ (isolation) ကုသမှုလုပ်ဆောင်နိုင်ရန်၊ (ဃ) လူနာများ အစုလိုက်အပြုံလိုက် ရောက်ရှိ လာပါက စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် (င) လိုအပ်ပါက ရောဂါကူးစက်ခြင်းမရှိသည့် နေရာများမှ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲပညာ ရှင်နှင့် ကုသမှုအထောက်အကူပြုပညာရှင်များ ပို့ဆောင်နိုင်ရန်တို့အတွက် လက်တွေ့ဆောင် ရွက်နိုင်မည်များကို ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ဆွေးနွေးချက်များအရ တွေ့ရှိရသော လိုအပ် ချက်များကို အမြန်ဆုံး ကြိုတင်ဖြည့်ဆည်း ခြင်းနှင့် နည်းဗျူဟာများကို မွမ်းမံပြင်ဆင်ခြင်း ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို ဆွေးနွေးရာ၌ ဖြစ်နိုင်ချေရှိသော ဖြစ်ရပ် (scenario) များကို နောက်ခံထားရမည့်အပြင် မမျှော်မှန်းနိုင်သော အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ကို လည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါ ကြောင်း။
ဆွေးနွေးကြရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ဆက်သွယ်ချိတ်ဆက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုနှင့် အရင်းအမြစ်လိုအပ်မှုများ ကို လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီ စွာ ဆွေးနွေးကြစေလိုပါကြောင်း၊ ဆေးရုံ အသီးသီးအနေဖြင့် အဆောက်အဦများနေရာ ချထားမှုနှင့် လူနာတင်ယာဉ် ဝင်ထွက်ပေါက် များ စနစ်တကျရှိစေရေး၊ ဆေးရုံများအကြား နှင့် လူနာတင်ယာဉ်များအကြား ချိတ်ဆက် ဆောင်ရွက်မှုကွန်ရက် ကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ အဆောက်အဦ၊ ဝင်ထွက်လမ်းနှင့် လူနာဆောင် များတို့ ပါဝင်သည့် နေရာပြမြေပုံများ ရေးဆွဲ ခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အမျိုးအစားအလိုက် အခြေပြဇယားများ ရေးဆွဲခြင်းတို့ကိုပြုလုပ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဖြန့်ဝေထားရမည်ဖြစ်ပါ ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ စားပွဲဝိုင်း လေ့ကျင့်ခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက် များကို ရရှိသည့် အရင်းအမြစ်နှင့် ကိုက်ညီစွာ ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ဤ ကိုဗစ်-၁၉ ကပ်ရောဂါသာမက အခြားကပ်ရောဂါအမျိုးမျိုးနှင့် ဘေးအန္တရာယ် များသည် နောင်ကာလတွင်လည်း ပေါ်ပေါက် လာနိုင်သည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီး ဌာနရှိ တာဝန်ရှိသူများနှင့် ပညာရှင်များအနေ ဖြင့် လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီ သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် ထားရှိရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စားပွဲဝိုင်းလေ့ကျင့်ခန်းများမှ လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီသည့် အကြံပြုချက် များဖြင့် ဝန်ကြီးဌာန၏ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များကို မွမ်းမံသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ကာ ဆောင် ရွက်နေမှုနှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ပေးပို့နေမှုကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က စစ်တွေပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ထားရှိကုသရန်နေရာများ တိုးချဲ့နေမှု၊ လိုအပ်ပါက ယာယီဆေးရုံပြုလုပ် ရန် ဆောင်ရွက်နေမှုနှင့် အသွားအလာ ကန့်သတ်မှုများအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၊ နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို လည်းကောင်း၊ ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးက ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု များကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြသည်။
အကြံပြုဆွေးနွေး
ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများက အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ပြုလုပ်ရာ ဆေးတက္ကသိုလ်(၁)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက စားပွဲဝိုင်းလေ့ကျင့်ခန်း အကြောင်း ရှင်းလင်းပြောကြားကာ ဆေးတက္ကသိုလ်(၁)၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ မော်မော်ဦးက အရေးပေါ်အခြေအနေအမျိုးမျိုး အတွက် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက ဘေးအန္တရာယ်အမျိုးမျိုးအတွက် ဆေးရုံပိုင်း ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီး တွင် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၂)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာခိုင်ရွှေဝါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရုံများလုံခြုံ စိတ်ချမှုနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဆန်းစစ်အကဲဖြတ်မှုပုံစံကို လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရီရီမြင့်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးတို့က အရေးပေါ်အခြေအနေများအတွက် ဆေးရုံ အလိုက် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း တင်ပြကြကာ လိုအပ်ချက်များနှင့် ထည့်သွင်း စဉ်းစားရန်အချက်များကို အကြံပြုဆွေးနွေး သည်။
ထို့နောက် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ဖြစ်စဉ်အခြေအနေအပေါ် အကြောင်းအရာ ကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ လိုအပ်ချက်များ ဖော်ထုတ်ခြင်း နှင့် စားပွဲဝိုင်းလေ့ကျင့်ခန်းမှ တွေ့ရှိချက်များကို တင်ပြခြင်းတို့ဖြင့် ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်