
မော်စကို ဒီဇင်ဘာ ၇
ရုရှားနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၁၀၉၆ ဦး ရှိခြင်းကြောင့် အောက်တိုဘာ ၁၄ ရက်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၂၀၀၀ အောက် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၈၆၄၈၄၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၈၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၂၈၃၆၄၄ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၄၆၁၅ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၅၆၅၀၉၁ ဦး ရှိလာကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၂၅၇၃ ဦး ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၆၈၉၄၇ ဦး ရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်