
ရန်ကုန် ဒီဇင်ဘာ ၈
၂၀၂၀ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲအဖြစ် မြန်မာအသင်းနှင့် တီမော အသင်းတို့ ယနေ့ညနေပိုင်းက စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။
နှစ်သင်းစလုံး အုပ်စုပထမပွဲတွင် အရေးနိမ့် ထားသဖြင့် ယခုပွဲအနိုင်ရမှ နောက်တစ်ဆင့် တက်ရောက်နိုင်ရန် ဆက်လက်မျှော်လင့်နိုင် မည်ဖြစ်ရာ အားကုန်ထုတ်ကစားခဲ့ပြီး မြန်မာအသင်းက အမှတ်ပြည့်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် နိုင်ပွဲပြန်လည်ရယူ နိုင်ရန်အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး သန်းပိုင်၊ မောင်မောင်လွင်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို လေးဦးအထိ အပြောင်း အလဲပြုလုပ်ခဲ့ပြီး သန်းပိုင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ မြတ်ကောင်းခန့်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ဆွမ်လမန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဒေးဗစ်ထန်၊ မျိုးမင်းလတ်(ဂိုး)တို့ဖြင့် ပွဲထွက်ခဲ့သည်။ တီမောအသင်းကလည်း ယခုပွဲအနိုင်ရမှ နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သောကြောင့် နိုင်ပွဲရရန် ကြိုးပမ်းခဲ့ရာ မြန်မာ အသင်းအတွက် ခက်ခဲသည့်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ တီမောအသင်း၏ အဆုံးသတ်အားနည်းမှု၊ မြန်မာဂိုးသမား မျိုးမင်းလတ် အမှားအယွင်း မရှိမှုများကြောင့် မြန်မာအသင်း ပေးဂိုးမရှိဘဲ အနိုင်ရခဲ့ခြင်းဖြစ်သည်။
၁၄ မိနစ်တွင် မြန်မာအသင်း ဂိုးစတင်ရရှိခဲ့ပြီး တီမောနောက်ခံလူ၏ ဖျက်ထုတ်ပုံမသေသပ်မှုမှ ပြန်လျှံထွက်လာသောဘောလုံးကို သန်းပိုင် က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုမူ ဒုတိယပိုင်းအစ မိနစ် ၅၀ တွင် ဟိန်းထက်အောင်၏ ပေးပို့မှုမှတစ်ဆင့် မောင်မောင်လွင်က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကစားသမားများပြောင်းလဲကာ အနိုင်ရလဒ်ကို ထိန်းကစားခဲ့သည်။
မြန်မာအသင်းသည် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ်ရရှိ ထားပြီး တီမောအသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် တတိယပွဲအဖြစ် ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်း အသင်းနှင့် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်