ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

 

 

နေပြည်တော် သြဂုတ် ၂၃

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊  ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး / ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီတွင် ပြည်မြို့ ဖုမ္မသိမ်ကျေးရွာ တွင် “ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ဆောင်ရွက်သည့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားမှု များကို  ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပြည်မြို့နယ်အတွင်း၌ “ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” (CERP) အရ ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

ပြည်ခရိုင်တွင် ကိုဗစ်-၁၉ စီးပွား ရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ မိုးစပါးမျိုးစေ့ထုတ် ဧကစုစုပေါင်း ၉၈၂၄ ဒသမ ၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ထောက်ပံ့ငွေ ကျပ် ၁၄၅၉၄၇၈၂၅၀ ပေးအပ်မည် ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာရှိ စိုက်ရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်းတွင် သင်တန်းတက်ရောက်လျက်ရှိသော တောင်သူလယ်သမား ကိုယ်စားလှယ် သင်တန်းသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စု ဝန်ကြီးက လက်ရှိအစိုးရကာလ အတွင်း ဖြေရှင်းဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ မြေယာပြဿနာများနှင့် လယ်ယာမြေ ဥပဒေဆိုင်ရာများကို လည်းကောင်း၊ တောင်သူများ၏ လူမှု ရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှု ၊ ဌာန ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ဆက်ဆံရေး ၊ မြေယာပြဿနာ ဖြေရှင်း ဆောင်ရွက်ရေးတို့ကို တောင်သူများ ကိုယ်တိုင်  ဦးဆောင်ဦးရွက်ပြုနိုင်ကြ စေရန် တောင်သူလယ်သမား အခွင့် အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ တောင်သူလယ် သမားအသင်းအစုအဖွဲ့များ ဖွဲ့စည်း ရေးအတွက် တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေရေးဆွဲနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးနှင့်  ညွှန်ကြားရေးမှူးချုပ် တို့က CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ ငွေနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ထို့နောက်  ပြည်ထောင်စု ဝန်ကြီး၊  တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည်  သင်တန်းခန်းမဆောင်သစ် တည်ဆောက်နေမှုနှင့် ဘက်စုံစိုက်ပျိုး မွေးမြူရေး ပေါင်းစည်းလယ်ယာစနစ် တို့ကို ကြည့်ရှုစစ်ဆေးအားပေးကြ သည်။

အရင်းအနှီးငွေထုတ်ချေး

ပြည်မြို့နယ်တွင် Cash For Work စီမံကိန်း ကိုးရွာ၌ လုပ်ငန်းခွဲ ပေါင်း ၂၅ ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း အသုံးစရိတ် ၃၇ ရာခိုင်နှုန်းကို လုပ်ငန်း သုံးပစ္စည်းနှင့် ၆၃ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။  အလားတူ ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း VRFP ကို ကျေးရွာ ရှစ်ရွာ၌  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  စိုက်ပျိုးရေး လုပ်ငန်း ၄၈၂ ခု၊ မွေးမြူရေးလုပ်ငန်း ၅၉ ခု၊ အရောင်းအဝယ်လုပ်ငန်း ၁၃၃ ခု၊ သက်မွေးလုပ်ငန်း ၁၀ ခု စုစုပေါင်း လုပ်ငန်း ၆၈၄ ခုကို  အရင်းအနှီးငွေ ကျပ်သန်း ၂၂၀  ထုတ်ချေးပေးပြီး ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး၌ Cash For Work စီမံကိန်းကို မြို့နယ် ၂၈ မြို့နယ် ရှိ ကျေးရွာ ၂၅၀ ၌ လုပ်ငန်းခွဲပေါင်း ၆၄၇ ခုအား ငွေကျပ်သန်း ၂၅၀၀ အသုံးပြုကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၂၂၀ ၌ ငွေကျပ်သန်း ၅၉၀၀ အသုံးပြု၍ VRFP စီမံကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။

အလားတူ CERP အရ  ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ငါးမွေးတောင်သူ ၁၉၄၇ ဦး၏  ငါးမွေးကန် ၁၉၄၇၈ ဒသမ ၆၉ ဧကအတွက်   ငွေကျပ် ၇၇၉ သန်းကျော်  အသုံးပြု၍  ငါးသား ပေါက်များ ထောက်ပံ့ပေးလျက် ရှိသည်။

အားပေးစကားပြော

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး  ဦးဝင်းမော်ဌေးနှင့် အတူ အောင်လံမြို့နယ် လက်ပန်ကန် ကျေးရွာသို့ ရောက်ရှိကြပြီး Cash For Work စီမံကိန်းဖြင့်  ဆောင်ရွက် ထားသော မြေသားရေကန်တူးဖော် ခြင်းလုပ်ငန်း၊ လုပ်အားခငွေများ လက်ငင်းပေးချေနေမှု၊ မအူခုံကျေးရွာ တွင် Cash For Work  စီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် ကျေးရွာ ကျောက်ချောလမ်းခင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဒေသနေပြည်သူများနှင့် တွေ့ဆုံ၍  အားပေးစကားပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တောင်တွင်း ကြီးမြို့နယ် ဝက္ကသေးကျေးရွာ၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ စိုက်ပျိုးထားရှိသည့် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းနှင့် ကုန်ထုတ်လမ်း တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနက ဝက္ကသေးကျေးရွာ ရှိ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် ပို့ချပေးနေမှုကို ကြည့်ရှုအားပေးသည်။

မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ပေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇွန်လမှ စက်တင်ဘာလအတွင်း တိရစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း၊ မေထုန်မဲ့သားစပ်သင်တန်း၊ မွေးမြူထုတ်လုပ်မှု သင်တန်းများကို ကိုဗစ်-၁၉  စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကျပ်သန်း ၁၄၄၀ အသုံးပြု၍ တိုင်း ဒေသကြီး ပြည်နယ်ရှစ်ခုရှိ မြို့နယ် ၁၀၀ ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကျေးရွာရပ်မိရပ်ဖများ၊ ငါးမွေးတောင်သူများ၊ သိုး၊ ဆိတ်၊ နွား မွေးမြူရေးလုပ်ကိုင်သူများနှင့် တွေ့ဆုံ စဉ် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းစားသုံး မှုအတွက်သာမက နိုင်ငံတကာ စျေးကွက်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် GAqP၊ GAHP ကျင့်စဉ် များကို တိကျစွာလိုက်နာဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP)အရ မိုးစပါးမျိုးစေ့ ထုတ်စိုက် တောင်သူများအတွက် ထောက်ပံ့ငွေများနှင့် ငါးမွေးတောင်သူ များအတွက်  ငါးသားပေါက်များနှင့်  မိသားစုအိမ်ခြံဝင်း ဟင်းသီးဟင်း ရွက်စိုက်ခင်းများ စိုက်ပျိုးကြရန် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်