တောင်ကိုရီးယားနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၀၀၀ ကျော် ရှိလာ

ဆိုးလ်   ဒီဇင်ဘာ   ၈ 


တောင်ကိုရီးယားနိုင်ငံ၌  နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀၀ ကျော်ရှိလာခဲ့ကြောင်း သိရ သည်။ 
ယမန်နေ့က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၇၅ ဦး   ထပ်မံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါပိုးမွှားထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။ လက်ရှိ အချိန်တွင် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၈ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အပြင်းအထန်ခံစားနေရသူများရှိနေသည့်အတွက်     နိုင်ငံ၏   ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်  ဝန်ထုပ်ဝန်ပိုးများဖြစ်လာမည့်အရေးကို တာဝန်ရှိသူ များက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ 


နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ  မြို့တော် ဆိုးလ်နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ ဖြစ်သည့် အတွက် အဆိုပါဒေသများရှိ   ဆေးရုံများ၌ ဆေးရုံ ခုတင်များ   လုံလောက်စွာထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် လတ်တလောအချိန်၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ အရေအတွက် များပြားလာ သဖြင့် နေအိမ်များ၌ ဆေးကုသမှုခံယူနိုင်ရေးအတွက် ပံ့ပိုးသည့်အစီအမံများကိုလည်း  အစိုးရက ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံအတွင်းရှိ လူဦးရေ၏ ၈၀ ရာခိုင် နှုန်းကျော်မှာ    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ