
နေပြည်တော် ဒီဇင်ဘာ ၉
အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ ကျောင်းသားများ စာပေသင်ကြားခွင့်မရရှိစေရေးအတွက် ပညာရေးဝန်ထမ်းများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အနီးကပ် လုပ်ကြံပစ်ခတ် သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူအင်အားဖြင့်စီးနင်း၍ ကျောင်း ဆောင်များနှင့် ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်း၊ ကျောင်းသူ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက် အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖျက်အမှောင့်နှင့် လုပ်ကြံသတ်ဖြတ်မှုများ အား အဓိပ္ပာယ်မဲ့ ကျူးလွန်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းဆရာမဖြစ်သူ ဒေါ်ဇွန်ထက်ထက်ဝင်းသည် ကျောင်းမှ စက်ဘီးဖြင့် ၎င်း၏နေအိမ်သို့ ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ အနောက်မှ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ဒေါ်ဇွန်ထက်ထက်ဝင်းတွင် ယာ လက်မောင်းကျည်ထိမှန်ဒဏ်ရာ တစ်ချက်၊ ဝဲလက်မောင်း ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်ပြင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက် တို့ရရှိခဲ့သဖြင့် ဆေးဝါးကုသခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီ မိနစ် ၄၀ တွင် တွံတေးမြို့နယ် မင်းပိုင်း ရပ်ကွက် ဘုရင့်နောင်လမ်းနေ ဦးလှဝေ နှင့် ဇနီးဖြစ်သူ အထက်တန်းပြ ကျောင်းဆရာမ ဒေါ်စုစုအောင်တို့သည် လက်ဖက်ရည်ဆိုင်အတွင်း ရှိနေစဉ် စမ်းရွာကျေးရွာနေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင် သိန်းထိုက် (၃၃)နှစ် (ဘ)ဦးသိန်းလွင် သည် KENBO 125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးလှဝေ တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ ကာ ဒေါ်စုစုအောင်တွင် ကျောကုန်း ကျည်ရှပ်ထိဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာမှ သိန်းထိုက်စီးနင်းလာသည့် KENBO 125 ဆိုင်ကယ် တစ်စီး၊ SIG SAUER P226 စာတမ်းပါ ပစ္စတိုသေနတ် တစ်လက်၊ A USA LUGER 9MM ကျည် ၃ တောင့်နှင့် ကျည်ခွံ ၅ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ဆောင်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း သားသမီးများ၏ ပညာသင်ကြားမှု အခွင့်အရေးအပေါ် တားဆီးနှောင့်ယှက်လျက်ရှိသည့် အကြမ်းဖက်သမားများ၏ သတင်း အား သိရှိရပါကနီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာဖြင့် သတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်