ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၅၃၀/၂၀၂၁
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှု များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိ နေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်း လာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ် ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင်လည်း လွန်ခဲ့သော(၁၄)ရက် အတွင်း ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ် များအတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် ၁၁-၁၂-၂၀၂၁ ရက်၊ နံနက် ၄ နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင် ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက် လိုက်သည်-
(က) ကချင်ပြည်နယ်
(၁) ဗန်းမော်မြို့နယ်၊
(၂) မိုးညှင်းမြို့နယ်။
( ခ ) ချင်းပြည်နယ်
(၁) ဖလမ်းမြို့နယ်၊
(၂) ထန်တလန်မြို့နယ်။
( ဂ ) မကွေးတိုင်းဒေသကြီး
(၁) ဂန့်ဂေါမြို့နယ်၊
(၂) မြိုင်မြို့နယ်။
(ဃ) မွန်ပြည်နယ်။ ဘီးလင်းမြို့နယ်၊
( င ) ရှမ်းပြည်နယ်။ တာချီလိတ်မြို့နယ်။
၄။ အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည် ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး