မတူကွဲပြားမှုများအလေးထား တိုင်းရင်းသားများချစ်ကြည်

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားမျိုးနွယ်စုတစ်ရာကျော် စုစည်း နေထိုင်သော  ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။   ပြည်ထောင်စုသားအားလုံးတို့သည်  နှစ်ပေါင်းထောင်ချီ   အေးအတူ ပူအမျှ   မရှိအတူ ရှိအတူ   ချစ်ခင်ရင်းနှီးစွာ  အတူ လက်တွဲနေထိုင်ခဲ့ကြသည်။   မျိုးနွယ်စုတစ်ခုချင်းစီအလိုက်   ဖြစ်တည်နေသော  အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများအား လေးစားတန်ဖိုးထား နားလည် ကြသည်။ 


ကောင်းမြတ်သောအစဉ်အလာများကို ယနေ့ထက်တိုင် ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ခိုင်ခိုင်မာမာ ဖြစ်ထွန်း တည်ရှိနေခြင်းဖြစ်သည်။ ဖြစ်ထွန်းနေသော ပြည်ထောင်စုကြီး  အရှည်တည်တံ့ ခိုင်မြဲနေစေရန်အတွက် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို တိုင်းရင်းသားများ၏ စုစည်းညီညွတ်သောအားဖြင့် ဆက်လက် မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ရာ  တတိယအကြိမ်  သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။


    (၁)        ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များမှာ တိုင်းရင်းသား အားလုံး၊ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ။


    (၂)        နိုင်ငံတော်မှာ  လိုအပ်လျက်ရှိတဲ့  စစ်မှန်စည်းကမ်းပြည့်ဝတဲ့  ပါတီစုံ ဒီမိုကရေစီစနစ်   ခိုင်မာလာစေရေးနဲ့  ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေဖို့အတွက် တိုင်းရင်းသား ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။
    (၃)        တိုင်းပြည်သာယာဝပြောရေးနဲ့     စားရေရိက္ခာဖူလုံစေရေးအတွက်  တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။
    (၄)        တိုင်းရင်းသားများရဲ့ မတူကွဲပြားမှုများကို အပြန်အလှန်  အသိအမှတ်ပြု လေးစားလိုက်နာပြီး    အမျိုးသားယဉ်ကျေးမှု    စရိုက်လက္ခဏာများ  မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါ။


အထက်ပါအချက် (၄)ချက်သည် ပြည်ထောင်စုကြီး  အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး  အေးချမ်းသာယာဝပြောရေးအတွက် စွဲမြဲစွာလက်ခံထားပြီး လုပ်ကိုင်ဆောင်ရွက် ရမည့် ပြည်ထောင်စုသားအားလုံးတို့၏တာဝန် ဖြစ်သည်။  အဆိုပါရည်မှန်းချက် တာဝန်များ မဖြစ်မနေအကောင်အထည်ပေါ်လာစေရန်အတွက် မဖြစ်မနေလုပ်ကိုင် ဆောင်ရွက်ကြမည်ဆိုသည့် ပြင်းပြသောစိတ်ဆန္ဒများ ထားရှိကြရမည်ဖြစ်သည်။ ပြည်ထောင်စုသားအားလုံး၏ မျှော်လင့်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကို လိုချင် ပါလျှင် ငြိမ်းချမ်းရေးကို  ရယူလိုသည့်    စစ်မှန်သောစိတ်ဆန္ဒရှိရမည် ဖြစ်သည်။   ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ဖွံ့ဖြိုး တိုးတက်သာယာဝပြောစေလိုသည့်  စိတ်ဆန္ဒဖြင့်  လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။   ပြင်းပြသောစိတ်ဆန္ဒများဖြင့်   တပေါင်းတစည်းတည်း   စုပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်ထောင်စုလူမျိုးများ၏ ဖြစ်စေလိုသောဆန္ဒများမှာ လက်တွေ့အကောင်အထည်ပေါ်လာမည်ဖြစ်သည်။


အဓိကအခြေခံလိုအပ်ချက်မှာ ပြည်ထောင်စုသားအားလုံးတို့တွင် အစဉ် ကိန်းအောင်းနေရမည့် ရှိရင်းစွဲပြည်ထောင်စုစိတ်ဓာတ် ဆက်လက်ရှင်သန်ရေး ဖြစ်သည်။    ပြည်ထောင်စုစိတ်ဓာတ်   အစဉ်ရှင်သန်ထက်မြက်စေရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံး၏ မတူကွဲပြားသော အစဉ်အလာဓလေ့စရိုက် များနှင့်ယုံကြည်မှုများကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာကြရန်  လိုအပ်သည်။   တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏   အစဉ်အဆက်ဖြစ်ထွန်း ပြီးသားဖြစ်သည့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသည်။   တစ်ဦးနှင့်တစ်ဦး   လေးစားချစ်ခင်စွာဖြင့်  အပြန်အလှန်အသိအမှတ်ပြုဖို့ လိုအပ်ပေသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ မတူကွဲပြားမှု များကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 
စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည်ဆောက်ရာ၌ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးဟူသည့်  ဒို့တာဝန်အရေးသုံးပါးကို  ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်ပါကြောင်း။    ။