
ဆရာမဲဇာ
=====
ရွာထဲမှာကပ်ထားသောပိုစတာတစ်ခုကို ကျွန်တော် ဖတ်ဖူး၏။
“ဟင်းသီးဟင်းရွက်ပြုတ်ရည်များကို သွန်မပစ် ပါနှင့်” ဟူ၏။
“သွန်မပစ်ရင် ဘာလုပ်ရမှာလဲ” ဟု မေးချင်သူ များအတွက် အဖြေပေးမထားချေ။ ဤသို့ တစ်ဝက် မှန် သတင်းအချက်အလက်များပေးရန် ကျွန်တော် တို့တစ်တွေ ဝါသနာသန်လေသည်။ ပြည်သူ ပြည်သားသတင်းသမားဖြစ်လာသော ခေတ်တွင်မူ တစ်ဝက်မှန်သတင်းများနှင့်ရော၍ သတင်းမှားများ မှာ ပလူပျံ၍နေတော့၏။
“ယင်နားစာ မစားပါနှင့်”ဟု တားမြစ်ပိတ်ပင် ပြန်၏။
နောက်ကွယ်တွင် ယင်တွေ အုံခဲနေခဲ့သောအစာ များကို ထိုထိုသောဆရာကြီးများ စားနေရသည်ကို မသိချေ။ အချိုတွေစားနေဆဲကလေးများ၏ လက်နှင့် ပါးစပ်တွင် ယင်တွေလာ၍ နားနေသည် ကို မမှုသော၊ ဂရုမစိုက်သော ကလေးများစွာရှိ၏။ ယင်နားစာမှန်းသိသိချည်းနှင့် စားနေရသောဘဝမှာ ရပ်တည်လှုပ်ရှားနေရသောသူတို့က အများစုပင်။
ဟန်ပြမျှသာ ရောက်သွား
ယင်ကောင်သာမက ပုရွက်ဆိတ်၊ ပိုးဟပ်၊ အိမ်မြှောင်နှင့် ကြွက်တို့ကိုပါ မျှဝေကျွေးမွေးနေကြ ရသောမိသားစုများ၏ အာဟာရအရည်အသွေးကို စဉ်းစားပေးသူများရှိသော်လည်း ပြုပြင်ပေးနိုင်သူ များမရှိ။ တစ်ပွဲတိုးကူညီသူများမှာလည်း ဘာသာ၊ စာပေအမျိုးမျိုးနှင့် ထုတ်ဝေထားသောစာအုပ် စာစောင်များ၊ ပိုစတာများ ဖြန့်ဝေအပြီး၊ ဓာတ်ပုံ တွေရိုက်အပြီးတွင် မပြည့်စုံသူတို့၏ဘဝကို အပြီးတိုင်မေ့နိုင်ကြ၏။ မမေ့နိုင်သူများကလည်း နောက်တစ်နေရာတွင် နောက်ထပ်ဝမ်းစာဖြည့်ရန် (မိမိ၏ဝမ်းစာပြည့်ရန်) ကြံဖန်ကြပြန်လေသည်။ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (Least Developed Country-LDC)ဟု သတ်မှတ်ခံရသော်လည်း မည်မည်ရရထောက်ပံ့ပေးမည့် အဖွဲ့အစည်းမရှိ။ ထောက်ပံ့ငွေများမှာလည်း အဆင့်ဆင့်ဝန်ဆောင်မှု များ တနင့်တပိုးယူရင်း ဆင်းရဲသားတို့၏ပါးစပ်ထဲ သို့ ဟန်ပြမျှသာ ရောက်သွားသည်ကို ကျွန်တော်၏ ဘဝအသိဖြင့် သိပါ၏။ စိတ်ထိခိုက်ရ၏။
စိတ်မထိခိုက်တတ်သူတို့ကမူ သူတို့၏စာတွေ့ များကို စမ်းသပ်ဖို့အတွက် မြန်မာ့ကျေးလက်ဒေသ ကသူများကို အသုံးချကြပါသည်။ အနောက်တိုင်း ဆေးစာများကိုဖတ်ပြီး မြန်မာပြည်မှာ ရောဂါရှာ ကြ၊ ရောဂါကုကြသည်မှာမူ အကျိုးသက်ရောက်မှု ရှိသည်မှန်၏။ ခေတ်မီနည်းပညာများဖြင့် အသက်ကယ်နိုင်လာကြ၏။ သို့ရာတွင် ဆေးကု ခြင်းနှင့် ကျန်းမာမှုအဆင့်မြှင့်တင်ခြင်းသည် ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်သည်ကို ပညာတတ် အချို့က မသိကြချေ။
ကျန်းမာမှုမြှင့်တင်ခြင်း
ကျန်းမာမှုမြှင့်တင်ခြင်း(Health Promotion)သည် ကိုယ်တိုင်လုပ်ဆောင်ရသည့်လုပ်ငန်းများက စတင်ပါသည်။ ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းဖြင့် မရနိုင်သလို အရှက်ခွဲခြင်း၊ စွပ်စွဲခြင်း (Shamming and Blaming) နည်းဖြင့်လည်း လူအများလိုက်နာ လုပ်ဆောင်ရန် မဖြစ်နိုင်ပါ။ ထို့အတူ ကြောက်သွား လျှင် ခိုင်းတာလုပ်မည်ထင်၍ ခြောက်လုံးလှန့်လုံး များ(Fear Arousal)ဖြင့်လည်း ကျန်းမာရေးအသိပညာ ပေး၍မရကြောင်းကို ကျွန်တော်တို့ဘဝထဲက သင်ကြားရယူခဲ့သော်လည်း ယခုထက်ထိ လူထုကို အသိပညာနည်းပါးသူများဟု အထင်အမြင်မှားနေသူ များ၏လက်ထဲတွင် ကျန်းမာရေးအသိပညာမြှင့်တင် ခြင်း(Health Literacy) လုပ်ငန်းအပေါ် လွှမ်းမိုး ခြယ်လှယ်မှုများ တွေ့နေရဆဲပါ။
“လက်လုပ်ချဉ်တွေ မစားပါနဲ့”ဟု လူထုကို ညွှန်ကြားနေသော ကျန်းမာရေးဆရာများအတွက် ပြန်မပြော နားမထောင်သောလူထုနှင့် ကြုံတွေ့ခဲ့ရပါ ၏။ မုန်ညင်းချဉ်သည် တောင်ပေါ်သားများအတွက် “မသိုးဟင်း” ဖြစ်ပါ၏။ ကိုရီးယားလူမျိုးတို့၏ ဟင်းရွက်ချဉ်(ကင်မ်ချီ)နှင့် အတူတူပင်။ မြန်မာဆန် သောကိုရီးယားတို့သည် သူတို့၏ ကင်မ်ချီစိမ်ရာ၌ မြန်မာတို့၏ငါးပိရည်ကျိုကိုပါ ထည့်၍စိမ်သည်ကို တွေ့ရ၏။ ရိုးရာဟန်မပျက်ဘဲ ခေတ်မီစွာအာဟာရ ပြည့်စွာ တီထွင်စားသောက်မှုမျိုးကို ထိုင်းနိုင်ငံတွင် လည်း ပြည်လုံးအနှံ့ပျံ့လျက်ရှိရုံမက ကိုရီးယား အစားအစာ၊ ထိုင်းအစားအစာများမှာ တစ်ကမ္ဘာလုံး တွင် လူကြိုက်များလျက်ရှိနေပါ၏။
“ဤသို့ဆိုငြား၊ ချက်ရှစ်ပါးနှင့်၊ မပြားညီယှဉ်၊ ထမင်းချဉ်ကို မကြဉ်ရှောင်သွေ၊ ပို့ပါလေလော့” ဟူ၍ ဝိဒေဟရာဇ်မင်းကြီးက မဟော်သဓာသတို့သားငယ် လေးကို ပညာစမ်းခဲ့သည့်အထဲက ထမင်းချဉ်ကား အင်းလေးဒေသတွင် အကောင်းဆုံးစားသုံးနိုင်သကဲ့ သို့ ဂျပန်တို့၏ “ဆူရှီ” ထမင်းချဉ်သည်လည်း ကမ္ဘာ ကြိုက်ဖြစ်၍လာပါသည်။
အားလုံးသည် လက်လုပ်ချဉ်များပင်ဖြစ်ပါသည်။
မြန်မာတို့ ကျေးလက်အာဟာရအနေဖြင့် ပဲတီ ချဉ်၊ သရက်ချဉ်တို့ကိုလည်း နှစ်ခြိုက်စွာသုံးဆောင် ကြပါသည်။ မြို့ပေါ်မှာလို လက်သိပ်ထိုး၍ လှူကြ တန်းကြခြင်းမဟုတ်ဘဲ ရွာလုံးကျွတ်လူတိုင်းလာပြီး စားနိုင်ရန်အတွက် သာမန်လူတို့၏ အခြေခံအလှူ ထမင်းတွင် ငါးခြောက်ထောင်းကြော်၊ သရက်ချဉ် သုပ်နှင့် မှန်ရောင်ဟင်းချိုတို့မှာ ပုံစံကျ၍နေပါသည်။
အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး သက်တော် ထင်ရှားရှိစဉ်က အလှူရှင်တွေကို တစ်နပ်ကောင်း မလှူစေဘဲ နေ့စဉ်မျှတသော အာဟာရကို ပြည့်စုံရုံမျှ သုံးဆောင်နိုင်ရန် သတ်မှတ်ပေးခဲ့ခြင်းဖြင့် ရဟန်း ရှင်လူတို့အတွက် ရေရှည်ဖူလုံမှု (Food Security) ရှိစေရန် စီမံခဲ့သည်မှာ ယနေ့အထိ စဉ်ဆက် လုပ်ဆောင်နေကြဆဲပင် ဖြစ်ပါသည်။
စားသုံးပုံဓလေ့
မြန်မာတို့၏ နေထိုင်မှုဘဝဟန် (Life style) ကို နားလည်းမလည်၊ မလေ့လာ၊ အထင်မကြီးဘဲ အပြစ်ချည်းမြင်နေသူတို့၏ ဦးဆောင်မှုဖြင့် ပြုပြင်ဖို့ တွန်းအားပေးခဲ့သော လူငယ်များသည် လူထုလိုက် မလုပ်သဖြင့် ရေရှည်မခံပါ။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုံတို့၏ စားသုံးပုံဓလေ့တွေကို သင်ယူခြင်းမရှိဘဲ သူတို့ကို ဤသို့စားပါ၊ ဤသို့ ရှောင်ပါ စသည်ဖြင့် ပြောရင်းနှင့် အချိန်ကုန်သွား သည်မှာ နှစ်တစ်ရာပြည့်ခါနီးပါပြီ။
သာမန်အားဖြင့် အစားအစာများကို အုပ်စုခွဲ ထားပေးပါသည်။ ဗိုက်ပြည့်အောင်စားရသော အခြေခံအစားအစာများမှာ ဒေသအလိုက်မတူကြ ပါ။ မြန်မာတို့က ထမင်းစားပါသည်။ “စားစရာ ဆန်ထမင်းမှာ လမုယင်းနီတျာတျာနဲ့ သီကာရော တဲ့ချိန်ကိုလေး” ဟူ၍လည်း စာစပ်ကြပါသည်။ ဆန်ကို တစ်နေရာနှင့်တစ်နေရာမတူ။ အလုပ်ကြမ်း လုပ်သူများက ဆန်ကြမ်းကို စားကြရပါသည်။ ဆန်ဖြူဆန်ချောကို ဗိုက်ပြည့်အောင်စားသည့်တိုင် ကြာကြာအဆာမခံ။ တောင်ပေါ်သားများက ဆန်စေး၊ ရှမ်းဆန်၊ ကောက်ညှင်းဆန်များကိုစား၍ အလုပ်ဆင်းကြရပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်း နှင့် လာအိုနိုင်ငံသားများမှာလည်း ထိုနည်းတူပင်။
ဦးစွာလေ့လာဖို့လို
သို့ဖြစ်၍ ဆန်ကိုမည်သို့ချက်၍ မည်သို့စားသင့် သည်ဟု အကြုံပြုသည့်ပညာတတ်များအနေဖြင့် ဒေသခံတို့၏ဓလေ့ကို ဦးစွာလေ့လာဖို့ လိုလေ သည်။ အခြေခံအစာအဖြစ် ဆန်ထမင်းမဟုတ်ဘဲ ဂျုံ၊ အာလူးတို့ကို အဓိကစားသုံးသူများလည်းရှိပါ သည်။ အာဖရိကတိုက်တွင် ငှက်ပျောသီးကို အဓိကအစားအစာအဖြစ် ချက်၍စားကြပါသည်။ ဆန်စားသူများက အာလူးများများမစားနိုင်၊ ငှက်ပျောသီးကို ထမင်းအစားထိုး စားဖို့ကိစ္စကား အလွန်ပင်ခက်ခဲလှလေသည်။
အခြေခံအစားအစာအုပ်စုထဲတွင် အသားဓာတ် ဟုပြထားသော အစားအစာများမှာ မျိုးစုံလှပါ သည်။ ဘယ်အသားကို ဘယ်နှကျပ်သားစားဟူ၍ ညွှန်းပေးနေသည်ကိုလည်း တွေ့နိုင်ပါသည်။ မြန်မာတို့အတွက် လက်တွေ့ကျ၊ မကျသိချင်လျှင် အစဉ်အဆက် မည်မျှလိုက်နာလုပ်ဆောင်ကြ ကြောင်း ဆန်းစစ်ရန်လိုပေသည်။
တစ်နေ့တွင် ကျွန်တော်၏ တပည့်များသည် ကိုယ်စားသရုပ်ဆောင်မှု (Role Play) ပြုလုပ်ကြပါ သည်။ အသား၊ ငါးက ဈေးကြီးသည်ဖြစ်၍ ပဲအမျိုး မျိုးစားသင့်ကြောင်း ပညာပေး၍နေကြလေသည်။ ပညာပေးသူများမှာ ရန်ကုန်ကဖြစ်ပြီး ပညာပေး ခံရသူများမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပါသည်။
“ဒီလောက် ငါးတွေ၊ ပုစွန်တွေ၊ ပင်လယ်စာတွေ ပေါတဲ့ ရခိုင်ပြည်နယ်မှာ ပဲစားမှ အသားဓာတ်ရမှာ လား”ဟု ကျွန်တော်မေးခွန်းထုတ်သည့်အခါ တပည့်များ စိတ်ညစ်သွားကြလေသည်။ ပုစွန်ထက် သေးသောဂွေးကောင်ကလေးများ၊ မျှင်များကို ငါးပိ ထောင်း၍ စားနိုင်၏။ အသားဓာတ် အပြည့်ပင်။ ယခုကလေးတို့ကြားမှာ တွင်ကျယ်လာသော ရေညှိ များမှာလည်း ပင်လယ်ထွက်ပစ္စည်းများဖြစ်ကြ လေသည်။ အာဟာရရှိပါ၏။
အနောက်တိုင်းသားတို့သည် ကြက်၏ လေးပုံ တစ်ပုံမှ တစ်ခြမ်းအထိကို တစ်နပ်စာအဖြစ် သုံးဆောင်နေကြချိန်တွင် ကျွန်တော်တို့က ထိုပမာဏ ရှိသောကြက်သားကို မိသားတစ်စုလုံးက တစ်နပ် စာအဖြစ် စားကြရသည့်တိုင် ပုံမှန်မစားနိုင်ကြပါ။ ထမင်းစားဝင်အောင် အားထားရသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ငါးပိရည်ကျိုများမှာလည်း အသားပါဝင်မှုများလွန်းသောကြောင့် “အငန် လျှော့စား” ဟူသော ပညာပေးနှင့်ကပ်၍ ငြိနေပြန် လေသည်။
c စာမျက်နှာ ၁၁ မှ
နွားနို့၊ ပဲနို့များကို ငယ်ငယ်ကတည်းက သောက်လေ့မရှိသူများမှာလည်း နေရထိုင်ရ မကောင်းလှပါ။ ထိုအထဲတွင် အသီးအရွက်များကို ပန်းကန်တစ်ဝက်မျှစားကြရန်အရေးသည် နေ့စဉ် ပုံမှန်စားရန် အတော်ပင်ကြိုးစားကြရလေသည်။ နွားနို့ကဲ့သို့ပင် ဂျုံမတည့်သူများ၊ မြေပဲမတည့်သူ များလည်း ရှိပါ၏။ ဥပမာပြ၍ ဆင်ခြေတက်သည်ဟု မယူဆစေလိုပါ။ အမျှင်ဓာတ်သာမက အသားဓာတ် ကိုပါ ဖြည့်ဆည်းပေးသော လက်လုပ်ချဉ်များ ဖြစ်သည့် မုန်ညင်းချဉ်ကအစ လက်လုပ်ချဉ်များတွင် အာဟာရဓာတ် မည်မျှရှိပါကြောင်း သုတေသန ပြုပြီး အာဟာရတန်ဖိုးကို လေ့လာရန်လိုပါသည်။
ဆီဦးထောပတ်များကိုစားလျှင် အားရှိသည် ဟူသော်လည်း ကုန်သွားပါပြီ။ ထောပတ်မစား၊ နွားနို့မသောက်သော မြန်မာများအတွက် ရနိုင် သောခွန်အားဓာတ်မှာ ရိုးရိုးဆီမှ ရနိုင်ပါသည်။ ဆီကိုလျှော့စားရန်လိုသည်မှန်သော်လည်း ဝက်ဆီ၊ အမဲဆီတို့ကဲ့သို့ အသားမှရသောအဆီများနှင့် ပြန်ကြော်ဆီများကို ရှောင်မှဖြစ်ပါမည်။
အားရှိအောင် စားမှာလား။
အာဟာရဖြစ်အောင် စားမှာလား။
အရသာရှိအောင် စားမှာလား။
ဘေးကင်းသန့်ရှင်းသော အစားအစာ စားမှာလား။
ဗိုက်ပြည့်ဝအောင်စားမှာလား။
စားပိုးနင့်အောင်စားမှာလား။
“သဗ္ဗေသတ္တာ၊ အာဟာရဋ္ဌိတိကာ” ဟူသော ဆိုရိုးအတိုင်း အာဟာရတွေ ပုံမှန်ရနိုင်ဖို့အတွက် ကြိုးစားရသည့် ဒုက္ခရှိသည်မှန်၏။ ထိုဒုက္ခကို ဖြေရှင်းနိုင်သည့် “နည်းလမ်း” ကို ကမ္ဘာ့ပညာ ရှင်များက ရှာဖွေကြံဆနေကြသည်မှာလည်းမှန်၏။ ၂၀၃၀ ပြည့်နှစ်တွင် ဖြစ်မည်မှန်း၏။ ။
- Log in to post comments