ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့

 

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအပေါ်ဆိုးရွားစွာ ထိခိုက်စေ နိုင်စေကြောင်းကို ဆေးလိပ်သောက်သူအားလုံးလိုလိုက သိကြသည်။ သို့ရာတွင် ချက်ချင်းလက်ငင်း ကျန်းမာရေးထိခိုက်မှုကို မတွေ့ရ ခြင်းနှင့် ကျန်းမာရေးထိခိုက်သူများကို တွေ့ရသည့်တိုင် ဆေးလိပ် ကြောင့်ဟူ၍ ပေါ်လွင်ထင်ရှားစွာ မတွေ့ရခြင်းတို့ကြောင့် အလေး အနက်မရှိကြ။    တစ်ဖက်တွင်လည်း    ဆေးလိပ်ထုတ်လုပ်သည့် လုပ်ငန်းသည် အကျိုးအမြတ်ကြီးမားစွာ ရရှိသည့်လုပ်ငန်းဖြစ်ခြင်း ကြောင့်   ဈေးကွက်တွင်   ဆက်လက်ရပ်တည်နေနိုင်ရေးအတွက် ဆေးလိပ်ကုမ္ပဏီကြီးများက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေခြင်း ကြောင့်လည်း ဆေးလိပ်သောက်သူများ အသစ်အသစ်ပေါ်ပေါက် လျက်ရှိသည်။

 


မြန်မာနိုင်ငံတွင် ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း  ဆေးလိပ်  (စီးကရက်)  သောက်သုံးမှု  ၅ ဆကျော် မြင့်တက်ခဲ့ရာ အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံတို့ထက် မြင့်မားခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ် ရေး ဥပဒေကို ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ ဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ကျဆင်း သွားရမည့်အစား   မြင့်တက်လာခြင်းက    ဥပဒေမရှင်သန်ခြင်းကို ပြဆိုနေသည်။ ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ အားနည်းချက် သို့မဟုတ် ဥပဒေ၏ အားနည်းချက် စသည်ဖြင့် ဆန်းစစ်လေ့လာကာ ဥပဒေ၏ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်စေရန်၊ ဥပဒေ ရှင်သန်နေစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

 


ကမ္ဘာ့ချမ်းသာသော   နိုင်ငံများတွင်ပင်   လူသေဆုံးမှုများ၏ ၁၈ ဒသမ ၅ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်းနှင့်ဆက်နွှယ်၍ သေဆုံးရခြင်းဖြစ်သည်ဟု    ဆိုထားရာ    ဓနအင်အားနည်းပါး၍ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့်နိုင်ငံအဖို့ မည်မျှများပြား နိုင်သည်ကို ခန့်မှန်းကြည့်နိုင်သည်။ ကမ္ဘာပေါ်တွင် ဆေးလိပ်သောက် ခြင်းနှင့်  ဆက်နွှယ်၍ နှစ်စဉ်လူငါးသန်း သေဆုံးနေကြောင်း၊ မြန်မာ နိုင်ငံတွင်မူ တစ်နှစ်လျှင် လူ ၆၄၀၀၀ ဆေးလိပ်ကြောင့် သေဆုံးနေ ကြောင်း သတင်းများတွင် တွေ့ရှိရာ ဆေးလိပ်သောက်သူ၊ ကွမ်းယာ တွင် ဆေးရွက်ကြီး (နှပ်ဆေး)တို့ ထည့်စားသူ၊ ဆေးငုံသူတို့ ဆင်ခြင် ကြဖို့လိုသည်။ ဖခင်၊  မိခင်တို့နှင့် မိသားစုအတွင်း ဆေးလိပ်သောက် ခြင်း၊ ကွမ်းစား  ဆေးငုံခြင်း အလေ့အထတို့က သားသမီးတို့ကိုပါ အလိုအလျောက်ကူးစက်သွားစေပြီး လူငယ်များအတွင်း ကျန်းမာရေး နှင့် အပြုအမူဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာစေသည်။ အလယ်တန်း နှင့် အထက်တန်းကျောင်းသားအရွယ် အသက် ၁၃ နှစ်မှ ၁၇ နှစ် ကြား ဆယ်ကျော်သက်များအတွင်း အာဟာရချို့တဲ့မှု ၁၈ ရာခိုင်နှုန်း၊ အဝလွန်သူ    ၁၀   ရာခိုင်နှုန်း၊     သံဓာတ်ချို့တဲ့    သွေးအားနည်းသူ ၅၀ ရာခိုင်နှုန်းရှိနေပြီး ဆေးလိပ်၊  ကွမ်းအပြင်  အရက်သုံးစွဲမှုများပါ မြင့်တက်နေခြင်းမှာ သတိပြုစရာဖြစ်သည်။

 


ဆေးလိပ်၊   ကွမ်းယာနှင့်   ဆေးရွက်ကြီးကို   တစ်နည်းနည်း သုံးစွဲခြင်းတို့မှာ ယင်းတို့၏ အန္တရာယ်ကို မသိ၍မဟုတ်ဘဲ သိပင် သိလျက် အစွန့်ခက်နေကြခြင်းဖြစ်သည်။ ဤကဲ့သို့သောသူများကို အသိပညာပေးမှုများ မည်မျှပင်ပြုလုပ်စေကာမူ အောင်မြင်နိုင်မည် မဟုတ်။ တရားဥပဒေနည်းလမ်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်း များကို တိတိကျကျကျင့်သုံးပြီး စဉ်ဆက်မပြတ် ထိထိရောက်ရောက် ပြုလုပ်နိုင်မှသာ ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီးသုံးစွဲမှု သိသိ သာသာ လျော့ကျလာမှာဖြစ်သည်။ ဥပဒေဖြင့် ထိန်းချုပ်ထားပြီး ပြည်သူများကလည်း လိုက်နာသည့်အတွက် ဆေးလိပ်ကင်းစင်သည့် နိုင်ငံများ ကမ္ဘာပေါ်တွင်ရှိနေသည်ကို သတိပြုကြရမှာဖြစ်သည်။ 

 


ဆေးလိပ်၊ ကွမ်းယာကို စွဲမြဲစွာ စားသုံးခြင်းကြောင့် ကနဦး ထိခိုက်သူမှာ ကာယကံရှင်ကိုယ်တိုင်ဖြစ်သည်။ နှလုံးသွေးကြောကျဉ်း၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း၊ ခံတွင်းနှင့် လည်ချောင်းဆိုင်ရာ ရောဂါများ ကင်ဆာအမျိုးမျိုး စသည်ဖြင့် ကြောက်မက်ဖွယ်ရောဂါ များသည် ဆေးလိပ်၊ ကွမ်းယာတို့ကို အကြောင်းပြု၍ ခံစားရသော ရောဂါများဖြစ်ကြောင်းကို ဆေးရုံများတွင် သွားကြည့်၍ သံဝေဂ ယူသင့်ကြသည်။   အိမ်တွင်   ဆေးလိပ်သောက်သူတစ်ဦးရှိပါက ကာယကံရှင်အပြင် ဘေးလူများကိုပါ ထိခိုက်စေသည်။ ကျန်းမာရေး အပြင် မလိုလားအပ်သော အသုံးစရိတ်ကို သုံးစွဲရခြင်းကလည်း မိသားစုအပေါ် ထိခိုက်စေမှုပင်ဖြစ်သည်။ ကောင်းကျိုးမပေးသည့် ဆေးလိပ်နှင့် ကွမ်းယာကို ဖြတ်ရန်မှာ ယခုချက်ချင်း၊ လက်ငင်းနှင့် လက်တွေ့လိုအပ်သည်ဟူ၍ တိုက်တွန်းအပ်ပါကြောင်း။         ။