ကိုဗစ်ရောဂါမကူးစက်ရေး သတိမူဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူလူထုကြားတွင်  ရှိနေသဖြင့် ယနေ့ထက်တိုင်  ရောဂါအရှင်းမပျောက်သေးဘဲ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများကို မျက်ခြည်မပြတ်    ဆောင်ရွက်လျက်ရှိသည်။   ကိုဗစ်-၁၉  ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ရောဂါဖြစ်ပွားနှုန်းမှာ တစ်နေ့ထက်တစ်နေ့ သိသိသာသာကျဆင်းလာပြီ ဖြစ်သည်။


ထိုသို့တိုးတက်မှုရရှိလာခြင်းသည်   ရောဂါထိန်းချုပ်ကုသရေးကို  ဖိဖိစီးစီး  ဆောင်ရွက်ခြင်းအပြင်      ရောဂါကာကွယ်ဆေးထိုးခြင်းကို    အများပြည်သူတို့ ယုံယုံကြည်ကြည်    တက်တက်ကြွကြွ    ဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ အစောပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ဝန်ထမ်းများနှင့်   သက်ကြီး  ရွယ်အိုများကိုသာ ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးခဲ့ပြီး ယခုအခါ အသက် (၁၂) နှစ်အထက် ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်သည်။ 
ကာကွယ်ဆေးထိုးနှံခြင်းကို အဖျက်သမားများက မမှန်မကန်သွေးထိုးလှုံ့ဆော် ပေးမှု၊ ခြောက်လှန့်ဖျက်ဆီးမှုများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်နေသဖြင့်  ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုများပြားခဲ့ပြီး  တတိယလှိုင်းကာလအတွင်း အဖိတ်အစဉ် များပြားခဲ့သည်။ ယခုအခါ ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများ လက်ခံ  နားလည်ယုံကြည်လာကြသဖြင့် ပြည်သူအများ တက်ကြွစွာပူးပေါင်းဆောင်ရွက် လာကြသည်။ ကာကွယ်ဆေးထိုးနှံထားခြင်းသည် ရောဂါကူးစက်မှုကို အာမခံချက် အပြည့်အဝမပေးနိုင်သော်လည်း ရောဂါကူးစက်ခံရပါက ခံနိုင်ရည်ရှိပြီး ထိခိုက် ဆုံးရှုံးမှုနည်းပါးသည်ကိုတွေ့ရသည်။ 


ယခုလက်ရှိအချိန်အထိ   မြန်မာနိုင်ငံသို့    ကာကွယ်ဆေးရောက်ရှိလာမှုမှာ အရေအတွက်စုစုပေါင်း ၄၂ သန်းကျော်ရှိပြီဖြစ်သည်။ ဆက်လက်၍လည်း မိတ်ဆွေ နိုင်ငံများထံမှ ကာကွယ်ဆေးများ ထပ်မံရောက်ရှိရန်ရှိပြီး ကာကွယ်ဆေးနှင့် ပတ်သက်၍ လုံလောက်စိတ်ချရသောအခြေအနေရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံ တွင် ကာကွယ်ဆေးလက်ကျန် Doses  အရေအတွက်အနေဖြင့် ၁၁ သန်းကျော် လက်ဝယ်ရှိနေသည်။ ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီးသူအရေအတွက်မှာ ၁၂ သန်းကျော်ရှိပြီး  တစ်ကြိမ်ထိုးနှံပြီးသူ ငါးသန်းကျော်ရှိသဖြင့် တစ်ကြိမ်နှင့်အထက် ဆေးထိုးနှံပြီးသူ ၁၈ သန်းကျော်ရှိနေသည်။


ယခုနှစ် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး အသက် (၁၈) နှစ်အထက် လူဦးရေ၏  ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး  မျှော်မှန်းဆောင်ရွက်လျက်ရှိရာ  မျှော်မှန်းထား သည်ထက် ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားသည်။ ကာကွယ်ဆေးထိုးနှံထားခြင်း အားဖြင့် ရောဂါဖြစ်ပွားမှုကို သက်သာစေနိုင်သည်။ ကိုဗစ်-၁၉ ရောဂါမှာ မျိုးကွဲ  အမျိုးမျိုးဖြင့် ဆက်လက်ပေါ်ထွက်နေကာ အချိန်ကာလကြာရှည်စွာ  ဆက်လက် ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မိတ်ဆွေနိုင်ငံ များမှ  ရရှိရေးသာမက ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ နှင့် ဆွေးနွေးလျက်ရှိပြီး လာမည့်နှစ် ဇန်နဝါရီလတွင် ကာကွယ်ဆေးစတင်ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးစတင်ထုတ်လုပ်ချိန်မှစ၍ တစ်လ လျှင် ဆေးအလုံးရေ ငါးသန်းထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက် ရှိသည်။  အသစ်ထပ်မံပေါ်ထွက်လာသော  အိုမီခရွန်  ကိုဗစ်ဗီဇပြောင်းရောဂါပိုး မြန်မာနိုင်ငံတွင် ကူးစက်မှုမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံအချို့နှင့် ဒေသတွင်း နိုင်ငံအချို့တွင် ကူးစက်မှုရှိနေသဖြင့် နိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့လာခြင်းမရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားပြီးနောက် အခြား နိုင်ငံများတွင် စတုတ္ထလှိုင်း ဆက်လက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံတွင် တတိယလှိုင်း ဖြင့် အဆုံးသတ်လုနီးနီးဖြစ်နေသည်။ ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာထိန်းချုပ် နိုင်ရေးအတွက်    ကမ္ဘာ့နိုင်ငံများတွင်   အသစ်ဖြစ်ပေါ်နေသော  အိုမီခရွန်  ဗီဇ  မျိုးကွဲသစ်    မြန်မာနိုင်ငံသို့   ရောက်မလာရေးသည်   လွန်စွာအရေးကြီးသည်။ မြန်မာနိုင်ငံသို့ ရောဂါမျိုးကွဲသစ်ရောက်မလာသေးသဖြင့်  ပေါ့ပေါ့ဆဆနေထိုင်၍ မဖြစ်ဘဲ အကယ်၍ရောဂါကူးစက်လာပါက ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။


သို့ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့်အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာ အဆက်မပြတ်လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။