
နေပြည်တော် ဩဂုတ် ၂၆
တရုတ်-မြန်မာ ပူးတွဲသုတေသန စီမံကိန်းများ စတင်ခြင်းအခမ်း အနားကို ယနေ့ညနေ ၄ နာရီက နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ကောင်စစ်ဝန် Ms. Yang Chenceng နှင့် သံရုံးအရာရှိများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့သော ပထမ အကြိမ် သိပ္ပံနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ရွေးချယ်ထားသော ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တရုတ် ယွမ်ငွေ ၁၅ သန်း ထောက်ပံ့မည့် အစီအစဉ် စတင်ခြင်းအထိမ်းအမှတ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ရာစုနှစ် ရှည်လျားစွာ တည်တံ့ခိုင်မြဲခဲ့သော တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် အဓိကအခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာ ကျောင်းသားများအတွက် နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။
ပထမအကြိမ် တရုတ်-မြန်မာ ပူးတွဲသုတေသန စီမံကိန်းများတွင် စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ သန့်ရှင်းလုံခြုံရေးကဏ္ဍ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ တိုင်းရင်း ဆေးပညာကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သဘာဝဘေး အန္တရာယ် လျှော့ချရေးနှင့် ကာကွယ် ရေး ကဏ္ဍနှင့် တိကျစွာ တိုင်းတာခြင်း နည်းပညာနှင့် စံချိန်စံညွှန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ကဏ္ဍတို့မှ လျှောက်လွှာခေါ်ဆိုခဲ့ပြီး စီမံကိန်း ၆၃ ထဲမှ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ တရုတ်ယွမ် ၁၅ သန်းထက်မပိုသော ထောက်ပံ့ငွေ ဖြင့် တရုတ်နိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးတွဲဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
၁၉၅၀ ပြည့်နှစ်မှစ၍ ထူထောင် ခဲ့သော တရုတ်-မြန်မာ သံတမန် ဆက်သွယ်ရေး နှစ် ၇၀ ပြည့်မြောက် သော ယခု ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ပူးတွဲသုတေသန၊ လူငယ် သိပ္ပံပညာရှင်များ လည်ပတ်ရေး အစီအစဉ်နှင့် နည်းပညာဖလှယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ် နယ်ပယ်အသီးသီးမှ လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုလေးနက်ခိုင်မာ စေမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီး အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်