ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှနယ်ချဲ့လက်အောက်မှ အိန္ဒိယ နှင့် မြန်မာနိုင်ငံတို့ လွတ်လပ်ရေးရယူခဲ့ရာတွင် အိန္ဒိယသည် ကိုးကွယ်ရာဘာသာအယူဝါဒကိုလိုက်၍ နိုင်ငံသုံးနိုင်ငံအဖြစ် ခွဲခြားခံလိုက်ရသည်။ အိန္ဒိယ၊ အရှေ့ပါကစ္စတန်နှင့် အနောက် ပါကစ္စတန်ဟူ၍ဖြစ်ပြီး အရှေ့ပါကစ္စတန်သည် နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ် ဖြစ်လာသည်။ မြန်မာနိုင်ငံကိုလည်း ပြည်မနှင့် တောင်တန်းဒေသများအဖြစ် ခွဲခြားခဲ့ရာတွင် မြန်မာတိုင်းရင်းသား တို့က ခွဲခြားမခံ။ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေး ရယူခဲ့ သည်။ သို့ရာတွင် နယ်ချဲ့တို့၏ ပရိယာယ်ကြွယ်ဝလှသော၊ ပညာ ပါလှသော သွေးခွဲမှုများက တိုင်းရင်းသားတို့အကြားတွင် သံသယ နှင့် မယုံသင်္ကာစိတ်တို့ကို တစ်စတစ်စ ကြီးထွားစေခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလမှသည် လွတ်လပ်ရေးရပြီးကာလ နှင့် မျက်မှောက်ခေတ်အထိ လက်နက်ကိုင်ပဋိပက္ခတို့ကို ဖြစ်ပေါ် စေခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး လပိုင်းမျှအကြာ ၁၉၄၈ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီက ဝါဒရေးအရ အစိုးရ ကိုဆန့်ကျင်ကာ တောခိုခြင်းဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တို့ စတင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ မှာမူ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များဖြစ်သည့် လူမျိုးရေးအရ မယုံသင်္ကာမှု၊ ဖွံ့ဖြိုး တိုးတက်မှု မညီမျှဘဲ နိမ့်ကျခဲ့ရမှုတို့အပေါ်တွင် အခြေခံသည်။ ၎င်းလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရကို ဆန့်ကျင်ခြင်း ဖြင့် တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်ကြရသည်။ စင်စစ်အားဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်အကျိုးစီးပွားတို့ကို ကာကွယ်ရခြင်းက တပ်မတော်၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများ အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားထုတ် ကြိုးပမ်းခဲ့ကြပြီး ငြိမ်းချမ်းရေးရယူခဲ့သည့် အဖွဲ့အစည်းများ ရှိခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခတို့ ယနေ့တိုင် ချုပ်ငြိမ်းမှု မရှိသေး။
ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့်ခေတ်တွင်မူ နိုင်ငံ ရေးကို လက်နက်ကိုင်တိုက်ခိုက်မည့်အစား စားပွဲဝိုင်းတွင် ဆွေးနွေးကြရန် လမ်းစဖြစ်ပေါ်လာသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ် ထိုးကာ စားပွဲဝိုင်းဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး စိတ်တူကိုယ်တူ တညီတညွတ်တည်း တည်ဆောက်နိုင်ရန် လမ်းပြမြေပုံလည်း ပေါ်ပေါက်ခဲ့သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်သက်သက်မျှသာမဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် နက်ရှိုင်းကျယ်ပြန့်သည့် သဘောတရားများ ပါဝင်သည်။ လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်၊ မချုပ်ငြိမ်းသရွေ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းမှုတို့မှာ ခက်ခဲနေဦးမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝမြင့်မားရေးတို့သည် လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှု လျော့နည်းသည်နှင့်အမျှ ပြည်ပစွက်ဖက်မှုများ ပိုမို၍လက်ရဲ ဇက်ရဲဖြစ်လာကာ ပြည်တွင်းပဋိပက္ခနွံတွင်းမှ ထာဝရ မတက်နိုင် သည့်ဘဝ ကျရောက်သွားမည်ဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေး သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းက တိုင်းရင်းသားပြည်သူတို့၏ မျှော်လင့်ချက်များကို ရှင်သန်စေသကဲ့သို့ အကျိုးဆက်ရလဒ် ကောင်းများ ဆက်လက်ဖော်ဆောင်သွားကြမည်ဟု ယုံကြည် သည်။ ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်နှင့် ထက်သန် သောဆန္ဒတိုဖြင့် ကြိုးပမ်းဆောင်ရွက်ကာ ကမ္ပည်းမော်ကွန်း ရေးထိုးနိုင်ကြပါစေကြောင်း။ ။