ရခိုင်ပြည်နယ်တွင် ရိက္ခာပြတ်လပ်မှုမရှိစေရန် လိုအပ်သည့် ရိက္ခာများကို ရနိုင်သည့်နည်းလမ်းဖြင့် ပို့ပေးမည် အရေးကြီးလျှင် သွေးစည်းလိုသည့်၊ ကူညီလိုသည့် စိတ်ဓာတ်ရှိသည့်အတွက် လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည်

 

 

နေပြည်တော် ဩဂုတ် ၂၈

 

 

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိ နေသည့် Volunteer စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

 

 

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု၏ မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ ပြည်ထောင်စုနှင့် သက်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ မည်သည့်နေရာတွင် နာကျင်သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး နာကျင်ခြင်းဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်မှုကို ချဉ်းကပ်ပါကြောင်း၊ မည်သည့်နေရာဟု ခွဲခြားခြင်းမရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့် နိုင်ငံသားများသည် မြဝတီဘက်မှ ပြန်လည် ဝင်ရောက်လာမှု အများဆုံးဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် ဟုဆိုသော်လည်း ကရင်ပြည်နယ် ပြည်သူလူထုက ယင်းကိစ္စကို ခွဲခြားရပ်တည်ဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပြည်သူများ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည် ဆိုပြီး အားလုံးက တတ်အားသမျှ ဝိုင်းဝန်းကူညီကြပါ ကြောင်း၊ ၎င်းတို့အတွက် အတိုင်းအတာတစ်ခုအထိ စိုးရိမ် စိတ်နှင့် အခက်အခဲများရှိသော်လည်း ယင်းကိစ္စများကို အားလုံးကျော်လွှားနိုင်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။

 

 

ထပ်တလဲလဲ ထုတ်ပြန်သတိပေး

 

ယခုအချိန်တွင် မိမိတို့အနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရခိုင် ပြည်နယ်တွင် ဖြစ်ပွားနေသည့်ပြဿနာများသည် များပြား ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်မှုများ ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် AA အဖွဲ့၏ စတင်တိုက်ခိုက် မှုများကြောင့် စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်ခဲ့ရပါကြောင်း၊ ပြည်သူများလည်း များစွာဒုက္ခရောက်ခဲ့ကြပါကြောင်း၊ တိုက်ပွဲများဖြစ်သည့်အခါ အပြစ်မဲ့ပြည်သူများ ထိခိုက်ကြ ရပါကြောင်း၊ မိမိတို့ ပြည်သူများကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရပါကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည်မှာ လူမှု အသိုင်းအဝိုင်း လုံခြုံရေးဖြစ်ပါကြောင်း၊ ယင်းကိစ္စတွင် ကျန်းမာရေးလည်း ပါဝင်ပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရမည်ဆိုပါက လူမှုအသိုင်း အဝိုင်းတွင် လုံခြုံမှုမရှိနိုင်သည့်အတွက် တစ်ချိန်လုံးစိုးရိမ် နေရပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများ ထပ်တလဲလဲ ထုတ်ပြန်သတိပေး ထားပါကြောင်း၊ ပထမပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပီပြင်သည့် အစီအစဉ်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူများ၏ ဆောင်ရွက်ချက်များကြောင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ထိန်းသိမ်း နိုင်ပါကြောင်း။

စီမံကိန်းများ ချမှတ်ထား

ရခိုင်ပြည်နယ်တွင် ရောဂါမပြန့်ပွားခင် တစ်လကျော် အထိ ပြည်တွင်းကူးစက်မှုမရှိဟု ပြောရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အရေးပေါ် စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားသည့်အခါ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့ လုပ်ဆောင်ချက်များတွင် အရေးအကြီးဆုံးကိစ္စသည် ရောဂါမပြန့်ပွားရေးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူ များကို အပြင်မထွက်ကြရန် ပြောကြားသည်မှာ ဒဏ်ပေး ခြင်း မဟုတ်ပါကြောင်း၊ တစ်နိုင်ငံလုံးသို့ ရောဂါပြန့်ပွား သွားလျှင် အားလုံးကို ထိထိရောက်ရောက် စောင့်ရှောက် မှုပေးရန် များစွာခက်ခဲပါကြောင်း၊ တစ်နေရာတည်းတွင် စောင့်ရှောက်မှုပေးရသည်မှာ ပိုမိုထိရောက်လွယ်ကူပါ ကြောင်း၊ မိမိတို့တွင်ရှိသည့် အရင်းအမြစ်များဖြင့် ပို၍ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်မှ ပြင်ပသို့ မသွားရောက်ကြရန် ပိတ်ပင်ထားခြင်း သည် ရောဂါရှိသူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါ ကြောင်း၊ ထိထိရောက်ရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုအရ စီမံမှုပေးနိုင်ရန်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထိန်းသိမ်းဆောင်ရွက်နေ

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုက တစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၏အရေးကို အမြဲပူးပေါင်းပြီး ပါဝင်ဖြည့်ဆည်းကူညီဆောင်ရွက်ပေး ကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ကူညီဆောင်ရွက်ပေးကြမည်ဟု မျှော်လင့်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မတူညီသည့် လူ့အသိုက်အဝန်းနှစ်ခု အတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေးကို အဓိကထားပါ ကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်လာချိန်တွင် ပို၍သတိထားဆောင်ရွက်ရပါ ကြောင်း၊ ပဋိပက္ခနှင့် အခက်အခဲများကို စိန်ခေါ်မှုများအဖြစ် ခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု အခြေနေတွင် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေများပြားနေသည့်အပြင် ယခုကပ်ရောဂါသည် ကူးစက်မှုအလွန်မြန်ဆန်သောကြောင့် စိုးရိမ်ပူပန်မှုများ ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားသည် ဘဏ္ဍာငွေတောင့်တင်းမှု မရှိပါကြောင်း၊ ရခိုင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ကော်မတီတစ်ရပ် အမြန်ဆုံးဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အောက်ခြေအဖွဲ့များက အဝင်အထွက်များကို လည်း ထိန်းသိမ်းဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် စစ်တွေမြို့တွင် ရောဂါကူးစက်မှုဖြစ်ပွားနေသည့် ဈေးကို လည်း ထိန်းသိမ်းဆောင်ရွက်နေသည့်အတွက် စိုးရိမ်မှုများ လျော့ပါးလာမည်ဟု ယူဆပါကြောင်း။

စိုးရိမ်ပူပန်မှုများရှိသော်လည်း ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်သွားမည်ဆိုပါက ယခုအနေအထားမှ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရောဂါပြန့်ပွားမှု မြန်ဆန်သောကြောင့် ရခိုင်ပြည်နယ်ကို ကန့်သတ်၍ အပြင် မထွက်ရအမိန့် ထုတ်ပြန်ပြီး အခြားဆက်စပ်နေသော တိုင်းဒေသကြီးများဖြစ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများမှ ပိတ်ပင်ကန့်သတ်မှုများပြုလုပ်သော ကြောင့် ကုန်စည်စီးဆင်းမှုမရှိ၍ ရိက္ခာပြတ်လပ်မှုဖြစ်ပွား မည်ကို စိုးရိမ်ပူပန်မှုများရှိပါကြောင်း၊ ယင်းစိုးရိမ်မှုနှင့် အခက်အခဲများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် အမြန်ဆုံးကူညီဖြေရှင်းဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ထို့ပြင် Quarantine Centre များ၊ ပြည်သူ များကို ထောက်ပံ့နေရခြင်းများရှိပါကြောင်း၊ ၎င်းအပေါ် ငွေကြေးလိုအပ်ချက်များရှိနေပါကြောင်း၊ ယခုရန်ပုံငွေကျပ် ၈၅ ဒသမ ၅ သန်းရရှိထားပါကြောင်း၊ အရေးပေါ်ရန်ပုံငွေ ကျပ် ၁ ဘီလီယံကို တင်ပြတောင်းခံထားပါကြောင်း၊ ဘဏ္ဍာငွေ တင်ပြတောင်းခံထားမှုနှင့်ပတ်သက်၍ ခွင့်ပြု ပေးစေလိုပါကြောင်း။

ဆွေးနွေးတင်ပြ

ကိုဗစ်နှင့်ပတ်သက်၍ ငွေကြေးသုံးစွဲထားမှုအနေဖြင့် ပြည်ထောင်စုအစိုးရမှ ငွေကျပ် ၁၄ ဒသမ ၈ ဘီလီယံ၊ ပြည်နယ်အစိုးရအဖွဲ့မှ ၁ ဒသမ ၅၆၆ ဘီလီယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ငွေကျပ် ၃၁၁ ဒသမ ၄ သန်းခန့် သုံးစွဲထားပြီး စုစုပေါင်း ၁၆ ဒသမ ၇ ဘီလီယံ အသုံးပြုထားပါကြောင်း၊ ယခုငွေကြေးများဖြင့် ကျန်းမာရေးအတွက် လိုအပ်သော ပစ္စည်းများ၊ အခြားလိုအပ်သည့်နေရာများတွင် အသုံးပြု ထားပါကြောင်း၊ ယခုကာလကို အမြန်ဆုံးကျော်ဖြတ်နိုင် မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများကိုလည်း ယုံကြည် စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ရခိုင် ပြည်နယ်၏ အနေအထားသည် ထူးခြားသည့်အနေအထား ဖြစ်သည့်အတွက် ယခုအခြေအနေအပေါ်တွင် အားလုံး ဝိုင်းဝန်းပူးပေါင်းကာ မှန်မှန်ကန်ကန်စဉ်းစားသုံးသပ်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ရေးသည် အရေးကြီးဆုံးဟု ထင်မြင်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော် မိုးအယ် က တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း အမှန်တကယ် အကူအညီလိုအပ်နေသည့် အချိန်ဖြစ်သည့် အတွက် ရခိုင်ပြည်နယ်သို့ လာရောက်ကူညီပေးခြင်းဖြစ်ပါ ကြောင်း၊ မိမိသည် Quarantine Center ၄ ခုတွင် တာဝန် ထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုဒေသသည် အကူအညီ အမှန် တကယ်လိုအပ်ပြီး အားနည်းသည့် အပိုင်းများလည်းရှိပါ ကြောင်း၊ ယခင် Camp မှ အတွေ့အကြုံများကို တင်ပြလိုပါ ကြောင်း၊ ပထမအချက်အနေဖြင့် Quarantine ဝင်သူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းသည် အဓိကစိန်ခေါ်မှု ဖြစ်ပါကြောင်း၊ Camp ကို ထောက်ပံ့ပေးသည့် ကာကွယ်ရေး ပစ္စည်းများ တစ်ခါတစ်ရံ အချိန်မီရောက်မလာပါကြောင်း၊ တစ်ရက် နောက်ကျသွားသည်ဆိုသော်လည်း မိမိတို့ အမှန်တကယ် လုပ်ကိုင်နေသူများအတွက် များစွာအခက် အခဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် များစွာစိုးရိမ်ပါကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာတွင် နောက်ကျခြင်းများ ကြုံရသည့် အတွက် ယခုဒေသသည် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများ ကြုံရနိုင်ခြေရှိမည်ဟု မိမိတို့မျှော်မှန်းထားပါ ကြောင်း။

ပူးပေါင်းပါဝင်ရန် လိုအပ်

မိမိတောင်းဆိုလိုသည်မှာ အကာအကွယ်ပစ္စည်း များ အချိန်မီရောက်ရန်နှင့် ရောက်သည့်ပစ္စည်းများ

အရည်အသွေးပြည့်မီရန် ဖြစ်ပါကြောင်း၊ Quarantine ဝင်နေသူများသည် စည်းကမ်းမလိုက်နာမှုထက် ကျန်းမာရေး အသိပညာ အားနည်းမှုဟု မိမိမြင်ပါကြောင်း၊ ကျန်းမာရေး အသိပညာ အားနည်းသည့်အတွက်ကြောင့် မဆင်မခြင် နေထိုင်မှုများကို ကြုံတွေ့နေရပါကြောင်း၊ စည်းကမ်း မလိုက်နာပါက မိမိတို့ Quarantine Center လုပ်သည့် ရည်ရွယ်ချက်သည် အောင်မြင်မည် မဟုတ်ပါကြောင်း၊ Quarantine ဝင်နေသူများ ပူးပေါင်းပါဝင်နိုင်ရန်အတွက် မိမိတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုလက်ရှိလုပ်ကိုင်နေသည့် စေတနာ့ ဝန်ထမ်းအဖွဲ့များသည် စစ်တွေမြို့အနီး Quarantine ၁၃ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ထို ၁၃ ခု အနက်မှ မိမိတို့ ဝင်ပေးရမည်မှာ ၆ ခု ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် Quarantine ၆ ခုရှိ Volunteer ၉၅ ရာခိုင်နှုန်းသည် အစိုးရဌာနအကြီးအကဲများ ဦးဆောင်သည့် ဝန်ထမ်းများနှင့် လုပ်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း သီးသန့်သည် ၅ ရာခိုင်နှုန်းသာ ဖြစ်ပါ ကြောင်း၊ အခြားသူများသည် ရုံးအဖွဲ့အစည်းမှ လုပ်ကိုင် နေခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် Volunteer အဖြစ်ဆောင်ရွက်လိုသည့် ညီအစ်ကိုမောင်နှမများ ပါဝင်လာအောင် ထပ်မံ၍ တိုက်တွန်းပေးစေလိုပါကြောင်း၊ ဒေသခံများ ပူးပေါင်း ပါဝင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကူညီပေးနိုင်သည်မှာ များစွာရှိသော်လည်း တချို့နေရာများတွင် ဘာသာစကား အခက်အခဲရှိပါကြောင်း၊ ဒေသခံများ ပူးပေါင်းလုပ်ဆောင် မည်ဆိုပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိ Quarantine များတွင် လူတစ်ဦးအတွက် တစ်နေ့တာ စားစရိတ် ၃၀၀၀ ပေးပါကြောင်း၊ ယင်း ၃၀၀၀ သည် စစ်တွေမြို့အနေဖြင့် များစွာခက်ခဲပါကြောင်း၊ ငွေကျပ် ၃၀၀၀ နှင့် ရှေ့ဆက်သွားမည်ဆိုပါက CSO အဖွဲ့နှင့် အခြား အရပ်ဘက်အဖွဲ့အစည်းများ ရေရှည်ခံနိုင်မှုတွင် အနည်းငယ် ပြဿနာရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စားရေး သောက်ရေး ကိစ္စများအတွက် ငွေကျပ် ၅၀၀၀ ပေးမည် ဆိုပါက Volunteer အဖွဲ့အစည်းများ အဆင်ပြေသွားမည် ဖြစ်ပါကြောင်း၊ သောက်သုံးရေရှားပါးသည့်အတွက် Qua-rantine များတွင် သောက်သုံးရေရရှိရန် တာဝန်ရှိသူများက ထောက်ပံ့ပေးမည်ဆိုပါက ပိုမိုလွယ်ကူမည်ဖြစ်ပါကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ ကူညီပေးသည်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။

အသိပညာပေးပစ္စည်းများ လစဉ်ထောက်ပံ့

ယင်းနောက် ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင် က ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားစာများကို အချိန်နှင့် တစ်ပြေးညီ ဗီဒီယိုကွန်ဖရင့်ဖြင့် သတိပေးပါကြောင်း၊ ပြည်သူလူထု သိရှိရန်လိုအပ်မည့် သတင်းအချက်အလက် များကို လက်ကိုင်စပီကာများဖြင့် ကြေညာပါကြောင်း၊ လက်ကမ်းပိုစတာများကို ရခိုင်တိုင်းရင်းသားများနှင့် IDP စခန်းများသို့ ရောက်ရှိအောင် ဖြန့်ဝေခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ မရှိမဖြစ်လိုအပ်သည့် အကာအကွယ် ပစ္စည်းများနှင့် အသိပညာပေးပစ္စည်းများ လစဉ်ထောက်ပံ့ ပေးပါကြောင်း။

မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့် အချိန်မှ စ၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နေရာဒေသအနေအထားနှင့် အကူအညီရရှိမှုအပေါ်မူတည်၍ မိတ်ဖက်အဖွဲ့အစည်း များဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ LED Board ဖြင့် လက်ဆေးသည့် ဗီဒီယိုများနှင့် သီချင်းများကို ပြည်သူများအကြားတွင် သိသာအောင် တစ်ရက်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပြသခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်တွင် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ Health Cluster အစည်းအဝေးများကို လစဉ် ကျင်းပပါ ကြောင်း၊ ရုံးပိတ်ရက်ရှည်ကာလတွင် Sample များ ရန်ကုန် သို့ သယ်ယူပို့ဆောင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်း များနှင့် တိုင်ပင်ဆွေးနွေး၍ ကားလမ်းကို အသုံးပြုကာ စီစဉ်ဆောင်ရွက်ရေး ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ် ချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမဆုံး Sample ကို ပိုလီယိုပပျောက်ရေး စီမံကိန်းမှ ကားဖြင့် ရန်ကုန်သို့ ပို့ဆောင်သည့်အခါတွင် ကားသမားနှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့ တိုင်ပင်ဆွေးနွေး၍ လေယာဉ်ဖြင့် ပို့ဆောင် နိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်၌ သံသယလူနာရှိလာသည့်အချိန်တွင် ပြည်သူလူထုအား အသိပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မတ်လ၊ ဧပြီလနှင့် မေလများတွင် Social Distancing ကိစ္စများနှင့် လူစု လူဝေးမဖြစ်ပေါ်စေရေးကိစ္စများကို ပိုမိုအားစိုက်ဆောင်ရွက် ခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ရရှိခဲ့ပါ ကြောင်း၊ သို့သော် ကာလကြာရှည်လာသည်နှင့်အမျှ စည်းကမ်းလိုက်နာမှုများသည် လျော့နည်းလာပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Health Sector Contingency Plan ကို ရေးဆွဲခဲ့ပြီး ယင်း Plan အပေါ်အခြေခံ၍ ရခိုင်ပြည်နယ်နှင့် ကိုက်ညီသည့် Rakhine State Health Sector Contingency Plan ကို ရေးဆွဲ ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့် လူနာ များကို မည်သည့်လမ်းကြောင်းမှ မည်သို့သယ်ဆောင်မည်၊ IDP စခန်းများရှိ လူနာများအတွက် မည်သည့်ဆေးရုံများကို အသုံးပြုကြမည်၊ အရေးပေါ်ဖြစ်ပွားလာလျှင် မည်သို့ ဆောင်ရွက်ကြမည်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက် များကို ရေးဆွဲထုတ်ပြန်ပြီး ဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများကို ဖြန့်ဝေခဲ့ပါကြောင်း ဆွေးနွေးတင်ပြ သည်။

ပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည်

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က အလှူငွေများအား ဗဟိုသို့အပ်နှံခြင်းမပြုဘဲ ရခိုင်ပြည်နယ်၌သာ သုံးစွဲမည့် ကိစ္စအား ခွင့်ပြုပေးပြီးဖြစ်ပါကြောင်း၊ ရိက္ခာကိစ္စတင်ပြ ချက်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရိက္ခာပြတ်လပ်မှု မရှိစေရန် အာမခံပါကြောင်း၊ လိုအပ်သည့် ရိက္ခာများကို ရနိုင်သည့်နည်းလမ်းဖြင့် ပို့ပေးမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ ဘဏ္ဍာငွေ ကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သော်လည်း ပြည်ထောင်စု၏ လိုအပ်သည့် အစိတ်အပိုင်းအား အမြဲပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း။

လိုအပ်ချက်မရှိစေရန် ပံ့ပိုးပေးသွားမည်

ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြ မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းမှာ အင်အားပင်ဖြစ်ပါ ကြောင်း၊ နိုင်ငံ မချမ်းသာသော်လည်း မိမိတို့ပြည်သူများ၏ ရက်ရောသည့် စိတ်ဓာတ်သည် များစွာချမ်းသာပါကြောင်း၊ အရေးကြီးလျှင် သွေးစည်းလိုသည့် စိတ်ဓာတ်၊ ဝိုင်းဝန်း ကူညီပံ့ပိုးလိုကြသည့် စိတ်ဓာတ်ရှိသည့်အတွက် ငွေကြေး အနေဖြင့် လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည်ဖြစ် ကြောင်း၊ မိမိတို့ ပြည်ထောင်စု တစ်စိတ်တစ်ပိုင်း ကျန်းမာ ရေးအတွက် လိုအပ်ချက်မရှိစေရန် ပံ့ပိုးပေးသွားမည် ဖြစ်ပါ ကြောင်း။

မိမိတို့ပြည်ထောင်စု ရေရှည်ရည်မှန်းချက်နှင့် သားသမီးအားလုံးအတွက် ရည်မှန်းချက်များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအကြောင်းပြုသည့် ပဋိပက္ခများ ရှိပါကြောင်း၊ အမုန်းတရားကို တူးဆွနေသူများ၊ မေတ္တာ မပွားဘဲ တစ်ဦးနှင့်တစ်ဦးကြား ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်နေမှုများရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင် ကိုဗစ်ကို တိုက်ထုတ်ကြရာတွင် တစ်ဦးအပေါ်တစ်ဦး မည်သို့ စေတနာထားသည်ကို ပြသရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မည်သူက အမှန်တကယ်စေတနာရှိသည် ဆိုသည်မှာ ပေါ်လာမည်ဖြစ်ပါကြောင်း၊ ရခိုင်အတွက် ပြည်ထောင်စု၊ ပြည်ထောင်စုအတွက် ရခိုင်ဆိုသည့် စိတ်ဓာတ်နှင့်ကြည့်ရန် များစွာအရေးကြီးပါကြောင်း။

ဆိုရှယ်မီဒီယာတွင် ရေးသားနေကြသူများသည် တာဝန်သိစိတ်၊ အမှန်တကယ် စေတနာဖြင့် ရေးသားတင်ပြ ရန်လိုအပ်ပါကြောင်း၊ အရေးကြီးသည်မှာ အချက်အလက် များ မှန်ကန်ရန်ဖြစ်ပါကြောင်း၊ တချို့သည် မစဉ်းစားဘဲ၊ မှန်ခြင်း၊ မမှန်ခြင်းကို ဂရုမစိုက်ဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားတင်ပြကြပါကြောင်း၊ ဆိုရှယ်မီဒီယာတွင် တင်ပြ ရာတွင် မှန်ကန်မှုရှိရန် ပထမအချက်ဖြစ်ကြောင်း၊ မှန်ကန် ပြီးအများအတွက် အကျိုးရှိရန်လည်း စဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ယခုလုပ်နေရသည့် လုပ်ငန်းများကို ပိုမို ခက်ခဲစေသည့် ကိစ္စများကို ဆိုရှယ်မီဒီယာများတွင် ရေးသားတင်ပြခြင်းကို လူတိုင်းက ဆင်ခြင်ရမည် ဖြစ်ပါ ကြောင်း။

အခွင့်အလမ်းတစ်ရပ်ဖြစ်

ယခုအချိန်သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင် နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် မိမိတို့ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဦးတည်လုပ်ဆောင်နေပါကြောင်း၊ ထို့ပြင် ယခုအချိန်သည် အမှန်တကယ် စည်းလုံးညီညွတ်ရေး အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါ ကြောင်း၊ လာမည့်ရက်သတ္တ ၃ ပတ် ၊ ၄ ပတ်အတွင်း ပိုင်ပိုင် နိုင်နိုင် ကိုင်တွယ်နိုင်မည်ဆိုပါက ကိုဗစ်ရောဂါပြန့်ပွားမှု အတွက် စိတ်သက်သာရာရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုရက်သတ္တ ၃ ပတ် ၊ ၄ ပတ်အတွင်း အားလုံးစည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် များစွာအရေး ကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ကြမည်ဟုလည်း မိမိတို့ မျှော်လင့်ပါကြောင်း၊ ယင်းသည် ရေရှည်အတွက် များစွာ ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ မေတ္တာထားမှု၊ ယုံကြည်အားကိုးမှုများ ရှိလာကြမည်ဖြစ်ပါကြောင်း၊ ထိုမှ တစ်ဆင့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင် နေရသည့် ကိစ္စများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း။

ထိထိရောက်ရောက် စောင့်ရှောက်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အရည်အသွေးမီ ကာကွယ်ရေးပစ္စည်းများ အချိန်မီ ရောက်ရန် လုပ်ဆောင်ပေးနိုင်ပါကြောင်း၊ စည်းကမ်း လိုက်နာခြင်းသည် မိမိအတွက် အကာအကွယ်ဖြစ်သည်ကို သဘောမပေါက်ကြပါကြောင်း၊ မိမိအတွက်လုပ်သည်ကို အမှန်တကယ်သဘောပေါက်မည်ဆိုပါက စည်းကမ်း လိုက်နာမှုသည် ခက်ခဲမည်ဟု မထင်မြင်မိပါကြောင်း၊ သို့သော်လည်း အများသည် စည်းကမ်းဆိုသည်ကို အပြင် လူက မိမိအပေါ်တွင် ပိတ်ပင်ထားသည်ဟု မယူဆစေလိုပါ ကြောင်း၊ စောင့်ရှောက်ပေးသည်ဟု ယူဆစေလိုပါကြောင်း၊ ထိထိရောက်ရောက် စောင့်ရှောက်နိုင်အောင် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ပါကြောင်း၊ အကန့်အသတ်များ လုပ်ဆောင်သည်ဆိုသည်မှာ ပိတ်ပင်တားဆီးခြင်း မဟုတ် ပါကြောင်း၊ စည်းကမ်းဆိုသည်မှာ မိမိအတွက် ကာကွယ် နိုင်အောင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်း များက Quarantine ဝင်နေသည့် ပြည်သူများ နားလည် အောင် ရှင်းပြရမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းသည် Quarantine ဝင်နေသူများအတွက် နံပါတ်တစ်ဖြစ်ပါ ကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် စေတနာ့ဝန်ထမ်းများက ပြောပေးရန် လိုအပ်ပါကြောင်း၊ Quarantine ဝင်နေသူများသည် ကျန်းမာရေးဝန်ထမ်း များထက် စေတနာ့ဝန်ထမ်းများနှင့် ပို၍ထိတွေ့မှုရှိပါ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် ကုသ၊ စောင့်ရှောက်ရန်အတွက် တာဝန်ရှိပြီး စေတနာ့ဝန်ထမ်း များသည် လူမှုရေးအရ၊ စိတ်ဓာတ်ရေးအရ ပုံသွင်းပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် အရင်ရာစုနှစ် တစ်ဝက်အတွင်းတွင် နာမည်မကောင်းခဲ့ပါကြောင်း၊ ယခု ယင်းကိစ္စများကို ပြောင်းလဲရန် ကြိုးစားနေပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့ဝန်ကိုထမ်းနေသည့် သူများ ဖြစ်ပါကြောင်း၊ ပြည်သူအကျိုးကို ပြုသူများအဖြစ် မြင်စေ လိုပါကြောင်း၊ သောက်သုံးရေ မပြည့်စုံပါက အခြားပြဿနာ များစွာရှိတတ်ပါကြောင်း၊ ထို့ကြောင့် သောက်သုံးရေကိစ္စကို ဦးစားပေး၍ စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ စားစရိတ် အနေဖြင့် တစ်နေ့ ၃၀၀၀ မလုံလောက်ပါက ပြန်လည် စဉ်းစားပြီး အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်ကို နားထောင်နေသည့် ရခိုင် ပြည်နယ်မှ ဒေသခံလူငယ်များရှိမည်ဖြစ်ပါကြောင်း၊ တခြား ဒေသမှ လူမှုရေး၊ ဘာသာရေးအရ မဟုတ်ဘဲ မေတ္တာ၊ စေတနာ၊ ကရုဏာအရ လာရောက်ကူညီပေးမှုများရှိနေပါက ရခိုင်ပြည်နယ်မှ ဒေသခံလူငယ်များအနေဖြင့် ပိုပြီးကူညီ လိုသည့် စိတ်ဓာတ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများက ရှေ့ဆောင်လမ်းပြ လုပ်ပေးခြင်းကြောင့် ဒေသခံလူငယ်များအနေဖြင့် ဝိုင်းဝန်း ပြီး စေတနာ့ဝန်ထမ်းအဖွဲ့များတွင် ပါဝင်လာကြမည်ဟု ယုံကြည်ပါကြောင်း။

တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် စိန်ခေါ်မှုသည် မိမိတို့နိုင်ငံ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှု ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာဘက်တွင် အနည်း ငယ် အားနည်းနေသည့်အတွက် တချို့က ပေါ့ဆခြင်းဖြစ်ပါ ကြောင်း၊ Quarantine Centre များတွင် ကျန်းမာရေး ပညာပေးဆိုင်ရာများကို စပီကာဖြင့်တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် ထုတ်လွှင့်ပေးပါက နေထိုင်ရင်းဖြင့် ကျန်းမာရေး ပညာများ ရရှိကြမည်ဖြစ်ပါကြောင်း၊ မိမိစိုးရိမ်သည်မှာ တချို့သည် ကိုဗစ်ရောဂါခံစားရပြီး ပျောက်သွားလျှင် ပြီးဆုံး ပြီဟု ထင်မြင်ကြပါကြောင်း၊ မိမိနားလည်သည်မှာ ကမ္ဘာ့ ပညာရှင်များ၏ သုံးသပ်မှုအရ ကိုဗစ်-၁၉ ရောဂါသည် နောက်တစ်ခါ ပြန်မခံစားရနိုင်ဟု အာမခံချက်မရှိပါ ကြောင်း၊ ယင်းကို တချို့က မသိရှိကြပါကြောင်း၊ ထို့ကြောင့် ပေါ့လျော့သွားခြင်းလည်း ပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှင့် ကုသဆေးမပေါ်မီကာလတွင် ပြီးသွားသည်၊ ပျောက်သွားသည်ဟု သတ်မှတ်၍မရပါ ကြောင်း၊ နောက်တစ်ကြိမ်လည်း ပြန်ဖြစ်နိုင်ခြေရှိ၊ မရှိ မသေချာပါကြောင်း၊ သတိဆိုသည်မှာ လွန်ကဲသည်ဟု မရှိ ပါကြောင်း၊ သတိဖြင့်နေရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ပြည်သူများအား ထပ်တလဲလဲ သတိပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကို ထိန်းချုပ်၍ရရန် နိုင်ငံတော်အနေဖြင့် မည်မျှ ရုန်းကန်ခဲ့ရ သည်ကို တချို့က သဘောမပေါက်ကြပါကြောင်း၊ ဩဂုတ်လဆန်းအထိ သုံးလ၊ လေးလခန့် ပီပီပြင်ပြင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရုန်းကန်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများကိုစောင့်ရှောက်ကာကွယ်ရန် လိုအပ်သည်များကို ရှာဖွေပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရှာဖွေပေးရန် မလွယ်ကူပါကြောင်း၊ ရေတိုရေရှည် စဉ်းစားကြရပါကြောင်း။

ညီညွတ်ခြင်းသည် အင်အားဖြစ်

ထို့ကြောင့် ယခုတင်ပြသွားကြသည့် လိုအပ်ချက်များ သည် မိမိတို့ ပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့်အတွက် အားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ တစ်ချိန် တည်းတွင် ကိုဗစ်-၁၉ ပြီးဆုံးသွားသည့် ကာလကိုလည်း စဉ်းစားရပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အနေအထားတွင် ရှိရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် နိုင်ငံက ချွတ်ခြုံကျနေပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့် ပုံစံမျိုးမဖြစ် စေလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရေတိုရေရှည် စဉ်းစားပြီး ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကစိန်ခေါ်မှုနှင့် အားနည်းချက်သည် စည်းလုံးညီညွတ်မှုအားနည်းခြင်း ဖြစ်ပါကြောင်း၊ စည်းလုံးခြင်းသည် အင်အားဆိုသည်ကို ယခုကာလတွင် ပြသလိုပါကြောင်း၊ ညီညွတ်မှသာလျှင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းကို ပျက်ပြားအောင် လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များ၊ အစုအဖွဲ့ များသည် ပြည်သူများအပေါ်တွင် အမှန်တကယ်စေတနာ ရှိသလားဆိုသည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါကြောင်း၊ ညီညွတ်ခြင်း ဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ညီညွတ်မှုမရှိလျှင် ကျော်လွှားနိုင်မည် မဟုတ်ပါကြောင်း၊ ညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းသည် မိမိတို့ နိုင်ငံအတွက် အကျိုးမရှိသည်ကို နားလည်စေလိုပါကြောင်း၊ တစ်ကမ္ဘာလုံးက မိမိတို့နိုင်ငံကို ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး အမြင်လွဲမှားနေကြပါကြောင်း၊ မိမိတို့ မည်မျှ ကြိုးစားသည်၊ မည်မျှအဆင်ပြေစေလိုသည်၊ ပြေလည် စေရန် လုပ်ဆောင်နေသည်ကို မမြင်ကြပါကြောင်း၊ မမြင် လိုသည်လည်း ပါဝင်ပါကြောင်း၊ မြင်လိုသည်ဖြစ်စေ၊ မမြင် လိုသည်ဖြစ်စေ မိမိတို့အနေဖြင့် မြင်အောင် အလုပ်ဖြင့် ပြသရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ရှိ ပြည်သူများ၊ ပြည်ထောင်စုတစ်ခုလုံးရှိ ပြည်သူများအားလုံး ရခိုင်ပြည်နယ်၌ လက်ရှိရင်ဆိုင်နေရ သည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကူညီ ကြရန်၊ ညီညွတ်ကြရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေး မှုကို ရပ်နားလိုက်သည်။

 

 

သတင်းစဉ်