
============================================================
နေပြည်တော် ဩဂုတ် ၃၁
ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ကုစားရေးလုပ်ငန်းစဉ်များ အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက လိုအပ်လျက်ရှိ သည့် စာရင်းအင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရှေ့ပြေး ရလဒ်များ ထုတ်ပြန်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ဒုတိယဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အထောက်အပံ့ဖြစ်မည်
ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၁၉ ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း အချက်အလက်များသည် ကိုဗစ်-၁၉ မတိုင်မီနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြောင်းလဲ မှုများ၊ ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲအကျိုးဆက်များ ကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် စနစ်တကျ ပြင်ဆင်အကောင်အထည်ဖော်ရာတွင် များစွာအထောက် အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာပြည်သူပြည်သား များ၏ ပကတိလူမှုစီးပွားရေး အခြေအနေမှန်ကိုပြဆိုသည့် အရင်းအမြစ်များအဖြစ် ယင်းရလဒ်များကို အသုံးပြုကြပါ ရန် တိုက်တွန်းပါကြောင်း။
ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာခန့်မှန်းနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) ကို အကောင်အထည် ဖော် ဆောင်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
တန်ဖိုးမဖြတ်နိုင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ယင်းနိုင်ငံ၏ စာရင်းအင်းအချက်အလက်များက ညွှန်ပြနေကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရလဒ်များ ထွက်ရှိလာခြင်းသည် မိမိတို့ဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းပါဝင်ကြသူများ အတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ အဆိုပါ အရင်းအမြစ်များကို မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်အကောင် အထည်ဖော်ရာတွင်လည်းကောင်း၊ လူမှုစီးပွားဘဝ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင်လည်းကောင်း၊ စာရင်း အင်းဆိုင်ရာ အညွှန်းကိန်းအသုံးပြုသူများအတွက် လည်းကောင်း ထိရောက်စွာအသုံးပြုနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူ ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေများကိုလည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို လည်း ကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ရလဒ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ကောက်ယူနိုင်ခဲ့
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ရလဒ်များကို ဆန်းစစ်လေ့လာထားသည့် ပိုမိုပြည့်စုံ၍ အသေးစိတ်အချက်အလက်များပါဝင်သော ပင်မအစီရင်ခံ စာကို ယခုနှစ်မကုန်မီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ခရိုင်အဆင့် ကိုယ်စားပြုအညွှန်းကိန်းများ ရရှိနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်း ကောက်ကွက်ပေါင်း ၃၉၆၀၊ အိမ်ထောင်စု ၁၃၂၀၉၂ စုနှင့် လူဦးရေ ၅၄၈၅၅၃ ဦးတို့ကို ကောက်ယူနိုင်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းတွင် လူဦးရေဆိုင်ရာ မေးခွန်းများ၊ လူမှုစီးပွားဆိုင်ရာအချက် အလက်များဖြစ်သည့် ပညာရေးနှင့်လုပ်သားအင်အား မေးခွန်းများ၊ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်း သွားလာခြင်းစသည့် လူဦးရေပြောင်းလဲခြင်းကို ဖြစ်ပေါ် စေသည့် အကြောင်းအချက်များ၊ မသန်စွမ်းမှု၊ သက်ကြီး ရွယ်အို၊ ဘဝပျော်ရွှင်မှုနှင့် အထောက်အပံ့ရရှိမှုစသည့် လူမှုဘဝလိုအပ်ချက်များကို ဖော်ထုတ်သည့်မေးခွန်းများ၊ အိမ်အကြောင်းအရာ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးတို့နှင့် ဆက်စပ်မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်၍ အညွှန်းကိန်းများစွာကို ဖော်ထုတ်ပံ့ပိုး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်း- မျိုးသူဟိန်း
ဓာတ်ပုံ-ကျော်ဇင်ထိုက်