
ဆရာမဲဇာ
အာဟာရအကြောင်းပြောလျှင် အစာအုပ်စုကြီးများအကြောင်းကို ချဲ့ထွင်ပြောလေ့ရှိကြပါသည်။ ယခုအခါတွင် ကလေးများပင် ကစားရင်း ပညာယူနေကြသော “ပျော်ရွှင် လေ့လာ၊ ကလေးတို့ကမ္ဘာ”အမည်ရှိ မြန်မာ့ရုပ်သံအစီအစဉ်တွင် ပါဝင်ကြည့်ရှုနိုင်ကြပေပြီ။ အစာအုပ်စုကြီးများနှင့်ပတ်သက်၍ ကလေးအရွယ်ကအစ ဗဟုသုတရလာကြပြီ။ မိဘများကလည်း ပါဝင်ပတ်သက်လာရုံမက ရုပ်/သံကြည့်ပရိသတ်များကလည်း စိတ်ဝင်စားစွာ လေ့လာနိုင်ကြပေသည်။
ပို၍ပြည့်စုံရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ပညာရှင်များ၏ ၁၉၉၄ ခုနှစ်က အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တင်ပြလိုပါသည်။
အာဟာရဆိုသည်မှာ
အာဟာရကို နေ့စဉ်စားသောက် သော အစာမှရရှိ၏။ ထို့ကြောင့် အများ အားဖြင့် အစာအာဟာရဟူ၍ ပေါင်းစပ် ခေါ်ဝေါ်နေကြပါသည်။ အစာထဲမှ ဓာတု ပစ္စည်းများသည် အာဟာရဓာတ်များ ဖြစ်ကြ၏။ အစာအမျိုးအစားပေါင်း များစွာရှိသော်လည်း အာဟာရဓာတ်မှာ အုပ်စုခွဲကြည့်လျှင် အနည်းငယ်သာ ရှိပေ သည်။
မျှတသော အစားအစာ
အစားအစာ အမျိုးအစားပေါင်း များစွာရှိသည့်အနက် အချို့အစာတွင် အာဟာရဓာတ်အနည်းငယ်သာ ပါဝင် သည်။ အချို့အစာတွင် အာဟာရဓာတ် တစ်မျိုးတည်း ပမာဏများစွာ ပါဝင်၏။ အချို့အစာ၌မူ အာဟာရဓာတ်မျိုးစုံ ပါဝင်ကြပေသည်။
ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေကြ သော အစားအစာများသည် မျှတသော အစားအစာဖြစ်ရန် လိုအပ်၏။ မျှတ သော အစားအစာဆိုသည်မှာ လူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာ ရဓာတ်များ အမျိုးအစား စုံလင်စွာ မျှမျှ တတပါဝင်သော အစားအစာများပင် ဖြစ်၏။ ခန္ဓာကိုယ်အတွက် စွမ်းအင်များ ရရှိစေသော ကစီဓာတ်၊ အဆီဓာတ်၊ ခန္ဓာကိုယ်ကြီးထွားစေသော ပရိုတင်း ဓာတ်၊ ရောဂါကာကွယ်ရေးနှင့် ခန္ဓာ ကိုယ် ဇီဝကမ္မပါဝင်ရန် လိုအပ်သည်။
မျှတသော အစားအစာအကြောင်း
ဗဟုသုတတွေ ရသွားရုံနှင့် လူတို့ ကျန်းမာနိုင်ပြီလားဟူသော အမေးကို ပညာရှင်များက ၁၉၉၄ ခုနှစ်က ဤသို့ မှတ်ချက်ပေး၏။
“ကျွန်ုပ်တို့နိုင်ငံသည် ရာသီဥတု မျှတ၍ စိုက်ပျိုးရေး၊ မွေးမြူရေး ကောင်းမွန်စွာ ဖြစ်ထွန်းသည့်အလျောက် အစာရေစာပေါများသော နိုင်ငံပင်ဖြစ်၏။ ယင်းသို့ အာဟာရဓာတ်ပြည့်ဝသော အစားအစာများ ပေါများပါလျက် စနစ် တကျ မစားတတ်သောကြောင့် လူအချို့ မှာ တစ်နည်းနည်းဖြင့် အာဟာရဓာတ်ချို့ တဲ့ နေကြရသည်” ဟူ၏။
၁၉၉၄ ခုနှစ်တွင် စနစ်တကျ မစား တတ်သော မြန်မာတို့သည် ယခု ၂၀၂၁ ခုနှစ်တွင် စနစ်တကျ စားတတ်သွားပြီ လားဟူသောမေးခွန်းကို ထပ်မံဖြေဆို ရန် လိုလာပါသည်။ အထူးသဖြင့် ၁၉၉၄ ခုနှစ်က လေ့လာသုံးသပ်ချက်များကိုမှီ၍ နှစ်ပေါင်းသုံးဆယ်နီးပါး အသိပညာ ပေးခဲ့သောရလဒ်များ (Health Outcome)နှင့် ကျန်းမာရေးဆိုင်ရာထိရောက် မှု(Health Impact)များကို လေ့လာ သုတေသနပြုခြင်း၊ နှိုင်းယှဉ်၍ သင်ခန်းစာ ယူခြင်း၊ ပြုပြင်ပြောင်းလဲ၍သော်လည်း ကောင်း၊ တိုးချဲ့၍သော်လည်းကောင်း ဆောင်ရွက်ခြင်းများ ပြုခဲ့ကြပါသလား ဟူ၍ လက်တွေ့လုပ်ငန်းဆိုင်ရာ အမေး ပုစ္ဆာများလည်း ပေါ်ပေါက်လာပါသည်။
ပညာရပ်ပိုင်းဆိုင်ရာအရ သုံးသပ် ကြည့်လျှင် အသိပညာဗဟုသုတ (Knowledge)တွေလည်း ဖြန့်ဝေပြီး ဖြစ်၏။ “အာဟာရပြည့်ဝ၍ ကျန်းမာ ကြံ့ခိုင်သော နိုင်ငံသားများ ဖြစ်လာစေရန် မူဝါဒ” လည်းရှိ၏။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ထုတ်လုပ် ရောင်းချရေးဆိုင်ရာ ဥပဒေလည်းရှိ၏။ ထိုအရာအားလုံးသည် စာရွက်ပေါ်မှာ အထောက်အထား ခိုင်လုံစွာရှိနေ၏။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အာဟာရဆိုင်ရာရောဂါများမှာ -
- ပရိုတင်း(အသားဓာတ်) အင်အား
ချို့တဲ့ရောဂါ၊
- အာဟာရချို့တဲ့ သွေးအားနည်း
ရောဂါ၊
- အိုင်အိုဒင်းချို့တဲ့ရောဂါများ၊
- ဗီတာမင်အေ ချို့တဲ့ရောဂါများ
ဖြစ်ကြောင်း သုံးသပ်ထား၏။
ဆက်လက်၍လည်း အစားအစာနှင့် ပတ်သက်နေသော ဆီးချိုရောဂါ၊သွေးတိုး ရောဂါ၊ နှလုံး/ နှလုံးသွေးကြောကျဉ်း ရောဂါ၊ အဝလွန်ခြင်းနှင့် အဆစ်ရောင် ရောဂါများအကြောင်းကို ဆက်စပ် တင်ပြထားကြပါသည်။ ထိုစဉ်က နိုင်ငံသားများ သေဆုံးရခြင်းအကြောင်း ခံများတွင် ကူးစက်တတ်သော ရောဂါ များက အများစုဖြစ်ပြီး ယခုအခါ မကူးစက် တတ်သောရောဂါများဖြစ်သည့် ဆီးချို၊ နှလုံး၊ သွေးတိုး၊ လေဖြတ်၊ အသည်းရောဂါအမျိုးမျိုးတို့မှာ အဝလွန် ရောဂါနောက်မှလိုက်၍ ကျော်တက် နေကြပြီဖြစ်ပါသည်။
ရှေးယခင်ကမူ “ဝမှ လှသည်” ထင်ကြပါ၏။ တိုင်းသူပြည်သားတွေ အစာဝဝစားရအောင် နိုင်ငံရေးအရ စည်းရုံးခဲ့ကြပါ၏။ လူမှုရေးအရလည်း တွန်းအားပေးခဲ့ကြပါ၏။ တစ်ချိန်ကမူ “ပိန်မှလှသည်” ဟူ၍ စူပါမော်ဒယ် ပိန်ပိန်ကလေးများသည် စင်ပေါ်ရောက် လာ၏။ ပိန်ချင်သူများအတွက် အာဟာရ အကြံပေးပညာရှင်များ၊ ကီတိုအစာ
(Keto Dict)ကအစ တီထွင်ရောင်းချ လာကြသူများက နေရာရလာ၏။
တွင်ကျယ်လာ၏။ မော်ဒယ်ဖြစ်ချင် သူတွေသာမဟုတ် အဝလွန်သော ကလေးများအတွက်ပါ ပိန်အောင် လုပ်ပေးမည့် ပညာရှင်များပေါ်လာ၏။
မြန်မာပြည်မှာ ဆယ်ပေါင်လူဝ အားတိုးဆေးများ၏ အသံတိမ်သွား သော်လည်း အဝလွန်သော လူကြီး လူငယ်များ ပြည်လုံးအနှံ့ပြန့်၍ နေပါပြီ။ စားနိုင်သောက်နိုင်၍ ဝဖြိုးနေကြသလား။ မစားတတ် မသောက်တတ်၍ အဝလွန် နေကြသလားဟု သုတေသနပြုကြရန် လိုတော့၏။
အခက်အခဲ အနည်းငယ်ရှိ
“ဝလို့ လှလို့ပါလား” ဟူသော ပဋိသန္ဓာရ စကားမှာ လူမှုရေးစံတစ်ခုလို ထင်ဟပ်ခဲ့ပါသည်။ အမှန်တော့ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်သည့်သဘောဖြင့် “ပိန်သွား တယ်”၊ “ဝလာတယ်” စသည်ဖြင့် ပေးကြသော မှတ်ချက်များမှာ အလေး အနက်ထားတတ်သူတွေအတွက် အခက် အခဲ အနည်းငယ်ရှိပါသည်။
“စားလို့ကောင်း၊ သောက်လို့ကောင်း၊ တစ်ဖျောင်းဖျောင်းပဲ”ဟူ၍ တုံ့ပြန်သူများ ကို ကြည့်လျှင်လည်း ကြိုက်သည့်အစာကို အားရပါးရစားခွင့်ရနေသည်ကို ကျေနပ် နေသည့် သဘောဆောင်၏။ မျှတအောင် စားမည့်အစား ကြိုက်ရာကို ဝအောင် စားဖို့ တွန်းအားတွေ ရှိနေပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံ (LDC)သည် စားချင်တာနှင့် စားရတာ ကွဲလွဲမှု များလှသဖြင့် အခွင့်အရေးသာရလျှင် သတိမထားဘဲ စားမိတတ်ကြပါ၏။
မြန်မာတွေ ဘယ်လိုအစားအစာ ကြိုက်တတ်ပါသနည်း။
အချို၊ အငန်၊ အဆီများများပါသော အစားအစာများကို ကြိုက်တတ်ပါသည်။
အားလုံးကြိုက်ကြသည်မှာ အချိုပင် ဖြစ်ပါသည်။ အချိုရည်အမျိုးမျိုး ဈေးကွက်ထဲမှာ တွင်ကျယ်နေသည်ကို တွေ့နိုင်ပါသည်။ သို့ဖြစ်၍ ကြော်ငြာ များတွင် အချိုရည်ကြော်ငြာများမှာ လက်ညှိုးထိုးမလွဲ၊ ရုပ်/သံတွင် ရှောင်မလွဲ ဖြစ်နေပါသည်။ ကြိုက်၍သော်လည်း အမောပြေသော်လည်း အားရှိအောင် သောက်သည်။
အမှန်တော့ အချိုရည်သောက်၍ အားရှိသွားကြောင်း ကမ္ဘာပေါ်တွင် အထောက်အထားမရှိပါ။ ထိုအချိုရည် ထဲတွင် ဘယ်လိုဆေးဝါးဓာတ်ပစ္စည်းတွေ ရောစပ်ထား၍ မစားဘဲ၊ မအိပ်ဘဲ အလုပ် လုပ်နိုင်သည်ဆိုသည့်အချက်ကို အခွင့် အရေးအဖြစ် အသုံးချနေသော လုပ်ငန်း များထဲတွင် လူကုန်ကူးလုပ်ငန်းများ လည်းပါ၏။ မူးယစ်ဆေးကုန်ကူးလုပ် ငန်းများလည်းပါ၏။ ဒုစရိုက်လုပ်ငန်း များလည်းပါလေသည်။ မည်သို့ပင် ဖြစ်စေ တစ်တိုင်းပြည်လုံးမှာ အချိုရည် အမျိုးမျိုး လွှမ်း၍နေ၏။
၂၀၁၇ ခုနှစ်က ပြုလုပ်သော လူထု ကျန်းမာရေးဆိုင်ရာ မဟာမဲခေါင်ဒေသ တွင်း နိုင်ငံကိုယ်စားလှယ်များ၏ အစည်း အဝေးတွင် ထိုင်းနိုင်ငံမှ ပါမောက္ခက သူတို့နိုင်ငံတွင် မူလတန်းကလေးများကို အဓိကထား၍ အချိုရည် သောက်သုံးမှု ရှောင်ရှားရေး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ပြောခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ကလေးများ အဝလွန် လျက်ရှိ၏။ အချိုအလွန်ကြိုက်သော လူမျိုးများမှာ စီးပွားကောင်း၍ အသား ကောင်းကောင်း များများစားရသောအခါ အဝလွန်၍ ရောဂါစုံလာ၏။ ဘေးနားက ကပ်၍ အရိုးအရင်း အကြွင်းအကျန်စားနေ သောခွေးများပင် အဝလွန်နေကြသည် ကို တွေ့နေရ၏။
အဟန့်အတားမရှိဖြစ်နေ
မြန်မာတို့၏ ကလေးများမှာမူ အကြောင်းအမျိုးမျိုးကြောင့် မျှတသော အာဟာရများကို စားသုံးခွင့်မကြုံ သော်လည်း ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသော အစာတု၊ အစာ ယောင်၊ ဆေးဆိုးအစာ၊ အချိုရည်များကို ကျေးရွာအရောက် ခရီးပေါက်အောင် ရောင်းချနေသူများကို ဟန့်တားမည့်သူ မရှိ။ လူထုကျန်းမာရေးကို ထိခိုက်စေ သည့် အလုပ်များကို သိလျက်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေလုပ်ကြသော အရာများ တွင် ဈေးကွက်ထဲမှ အစားအစာများ သည် အဟန့်အတားမရှိ ဖြစ်နေ၏။ တောရွာအထိ တွင်ကျယ်စွာ ရောင်းဝယ် နေကြသူများ အသိတရားဖြင့် သားသမီး ချင်း စာနာတတ်လျှင် ကောင်းလေစွဟု ယူဆမိပါ၏။
“အစာအုပ်စုကြီးတွေ အကြောင်း မသိချင်ပါ။ မျှတသော အစာစားဖို့ အလုပ်ရှုပ်မခံနိုင်ပါ။ အားရှိဖို့လိုသည်။ တစ်ပွဲတိုး အားရှိလျှင်တော်ပြီ။ ဘာစား ရမှာလဲ။ အားရှိဖို့ သေချာလျှင် အားရ ပါးရ စားပစ်လိုက်မည်” ဤကား အရှေ့တိုင်းသားများစွာတို့၏ အိပ်မက်။ အားလုံး အားရှိချင်ကြ၏။ အားတိုးဆေး ရှာနေကြ၏။
ထိုအထဲတွင် မီးလောင်ရာ လေပင့် သော အတွေးအခေါ်တစ်ခု ဝင်လာ၏။
“အစာလည်းဆေး၊ ဆေးလည်း အစာ”ဟု ဆိုလာသောအခါ ဆေးရှာနေ သောသူများ အကြိုက်တွေ့၏။ ဆေးရောင်းသူများက အစာကို ဆေးဖြစ်ဝါးဖြစ်ထုတ်လုပ်ကာ ချမ်းသာ သွားကြလေသည်။ လူထုကား အာဟာရချို့တဲ့မြဲ။ ။
- Log in to post comments