တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉ ဒသမ ၁၈ သန်းကျော်ရှိလာ

အန်ကာရာ    ဒီဇင်ဘာ    ၂၁


တူရကီနိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၈၇၆၂ ဦး  ထပ်မံတွေ့ရှိခြင်းကြောင့်  နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၁၈၉၈၈၁ ဦးရှိလာကြောင်း  တူရကီနိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာနက   ယနေ့တွင်  ပြောကြား သည်။


တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၁၇၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၈၀၅၉၁ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၄၄၉၇ ဦး ရှိကြောင်း သိရသည်။


တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   နိုင်ငံအတွင်း  အရေးပေါ်အသုံးပြုရန်   တူရကီ ကျန်းမာရေးအာဏာပိုင်များက  အတည်ပြုပေးခဲ့ပြီးနောက်  နိုင်ငံ တစ်ဝန်း   ကိုဗစ်-၁၉    ရောဂါ  ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။


လက်ရှိတွင် တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၇ သန်းနီးပါးရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၅၁ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ စုစုပေါင်း ၁၂၄ ဒသမ ၉၁ သန်းကျော် အသုံးပြုပြီးဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်