နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်

မစ္စတာ ရန်ကျဲ့ချိ အား လက်ခံတွေ့ဆုံ

===========================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၁

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ တို့ တက်ရောက်ဆွေးနွေးကြသည်။

 

ဆွေးနွေး

 

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံအဆင့်မြင့် ခေါင်းဆောင်များအကြား ထိတွေ့ ဆက်ဆံမှုများ ဆက်လက်မြှင့်တင် သွားရေး၊ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီး စဉ်အတွင်း နှစ်ဖက်သဘောတူညီမှုရရှိ ခဲ့သည့် အကျိုးတူစီမံကိန်းများ အရှိန် အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ်များကို ပူးတွဲ တိုက်ဖျက်သွားရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီပေးဆပ်မည့် ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်း ပေးခြင်းဖြင့် အကူအညီပေးအပ်သွား မည့်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်း အနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် ၂၀၂၀ အကောင်အထည်ဖော်ရေး အတွက် နှစ်ဖက်ညှိနှိုင်းစီစဉ်သွားရေး၊ လူငယ်များအပါအဝင် ပြည်သူအချင်း ချင်း အပြန်အလှန်ကူးလူး ဆက်ဆံမှု များ မြှင့်တင်ရန်အတွက် ယဉ်ကျေးမှု ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွား ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ချမှတ်ရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အားပေးထောက်ခံ

 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင် ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဆက်လက် အားပေးထောက်ခံကြောင်း၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက်ကူညီ ပံ့ပိုးသွားမည်ဖြစ် ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ငွေ အဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံကလည်း နိုင်ငံတကာ မျက်နှာစာ၌ တရုတ်နိုင်ငံ၏ အားပေး ထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိ ကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒတို့ကို ဆက်လက် ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။

 

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုး ရေးကိစ္စ၊ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအနေ ဖြင့် အာဆီယံ-တရုတ် အလှည့်ကျ ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ် အတွင်း တရုတ်-အာဆီယံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရေးနှင့် ဒေသတွင်း ကိစ္စရပ်များကို ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာသွားရေး၊ ၂၀၂၀-၂၀၂၂ ခုနှစ် အထိ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အလှည့်ကျပူးတွဲ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူ စဉ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ များတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ် များ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စတို့နှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့် နှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟို ကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာချန်းဟိုင်တို့ တက်ရောက် ကြသည်။

 

 

သတင်းစဉ်