
ဖားကန့် ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်း ကျေးရွာ၏အနောက်ဘက် စိန်စိန်ကုမ္ပဏီလုပ်ကွက်ဟောင်းအနီးရှိ မြေစာပုံဟောင်းရေကန်မှ ဒီဇင်ဘာ ၂၂ ရက် နံနက် ၄ နာရီခွဲခန့်တွင် အမြင့်ပေ ၁၅၀ ခန့်ရှိ မြေသားထုပြိုကျမှုဖြစ်ပွားခဲ့ရာ ရေမဆေးရှာဖွေ သူများနှင့် ပျံကျဈေးဆိုင်များပါသွားသဖြင့် လုံးခင်းကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့် လူမှုရေးအသင်းတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုပြိုကျသည့် မြေစာပုံသည် စိန်စိန်ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်းရှိမြေစာပုံဖြစ်ပြီး အမြင့်ပေ ၁၅၀ ခန့် အကျယ်ပေ ၂၀၀ ခန့် ရှိသော မြေသားထုသည် ၎င်းနှင့်ကပ်လျက်ရှိသော ဂျတ်ပါဝါကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းမှ အကျယ်ပေ ၈၀၀ ခန့် အနက်ပေ၂၀၀ ခန့်ရှိသော ရေကန်အတွင်းသို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် မြေစာပုံနှင့် ရေကန်အကြားတွင် ရေမဆေး ကျောက်ရှာဖွေနေသူများနှင့် ပျံကျဈေးရောင်းချနေသည့် ဈေးဆိုင် နှစ်ဆိုင်အပါအဝင် ခန့်မှန်းလူဦးရေ ၂၀ ခန့် မြေစာနှင့်အတူ ရေကန် အတွင်းသို့ ပါရှိသွားနိုင်ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်ဦးဆောင်သည့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြာပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ၊ နယ်မြေရဲစခန်းမှူး၊ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လူနာတင်ယာဉ် ၁၀ စီးနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမိုးဝေ(ပြန်/ဆက်)