
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
====================================================================================================================================
နေပြည်တော် စက်တင်ဘာ ၁
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည် ဆောက်ရေးစီမံကိန်း ဦးဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ က ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများ လျင်မြန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ် ဖေဖော် ဝါရီလ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်(၃၁/၂၀၂၀) ဖြင့် ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခင် ဖွဲ့စည်းခဲ့ သည့် ဦးဆောင်ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို နိုင်ငံတော်စီမံကိန်းတစ်ရပ် အဖြစ်သတ်မှတ်ရန်၊ ညှိနှိုင်းမှုကော်မတီက HIA Myanmar Co., Ltd. နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆွေးနွေးရန်၊ ဂျပန်နိုင်ငံမှ Official Development Assistance(ODA) ချေးငွေ လျှောက်ထားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန များက ဆောင်ရွက်ရန်၊ စီမံကိန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ (Infrastructure)နှင့် အခြေခံလိုအပ်ချက် (Utilities)များ ပံ့ပိုးကူညီနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ပါကြောင်း။
မဖြစ်မနေလိုအပ်
မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ထွန်းလာသည့် စီးပွားရေးကို အထောက်အကူဖြစ်စေရေး အတွက် အနာဂတ်တွင် နိုင်ငံတကာလေဆိပ် ကြီးတစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြေနေရာအနေအထားအရ လေယာဉ်ပြေး လမ်း အသစ်ထပ်မံတည်ဆောက်၍ မရနိုင် တော့ခြင်း၊ လေယာဉ်ရပ်နားနေရာ အလုံ အလောက်တိုးချဲ့နိုင်မှုမရှိခြင်းနှင့် Operation ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များရှိနေ ခြင်းတို့ကြောင့် အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါကြောင်း။
စီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင် သောပုံစံ (Public- Private- Partnership-PPP)ဖြင့် တင်ဒါခေါ်ယူခဲ့ရာ Yongnam - CAPE-JGC Consortium က တင်ဒါအောင်မြင် ခဲ့ပြီး Framework Agreement လက်မှတ် ရေးထိုးကာ ဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် Framework Agreement သက်တမ်းကုန်ဆုံးခဲ့သည့် အတွက် ဆွေးနွေးမှုများကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ရပ်ဆိုင်းခဲ့ရပါကြောင်း။
ခရီးသည် ရှစ်သန်း
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် ဟံသာဝတီလေဆိပ်စီမံကိန်း အတွက် (၁၀၀ ရာခိုင်နှုန်း) ODA ချေးငွေဖြင့် စီမံကိန်းတစ်ခုလုံး ခြုံငုံသုံးသပ်ပြီး ဆက်လက် ဆောင်ရွက်မည့်အစီအမံကို ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည့်အတွက် စီမံကိန်းကို ဂျပန် နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် အကောင် အထည်ဖော်နိုင်ရေး Japan International Corporation Agency(JICA)၊ MLIT တို့နှင့် ဆက်လက်ဆွေးနွေးခဲ့ပါကြောင်း၊ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည့် စီမံကိန်းအကောင်အထည်ဖော်ရေး ပြင်ဆင်မှုကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီအနေဖြင့် ညှိနှိုင်းမှုအစည်း အဝေးများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ ၁၁ ကြိမ် ကျင်းပ ခဲ့ပြီး ရန်ကုန်လေဆိပ်နှင့် ဟံသာဝတီလေဆိပ် လေဆိပ်နှစ်ခုလုံးကို ဂျပန်နိုင်ငံက လေဆိပ် ဆောင်ရွက်မည့်အဖွဲ့နှင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Operator အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းမည့် single entity ဖြင့် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သော Infrastruc- ture လုပ်ငန်းများကို မြန်မာနိုင်ငံဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Phase-1 ကို တစ်နှစ်ခရီးသည် ရှစ်သန်း ကိုင်တွယ်နိုင်မည့် လေဆိပ်အဖြစ် စတင်ဆောင်ရွက်နိုင်ရေးတို့ကို သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်းများကို ODA ချေးငွေဖြင့် ဆောင်ရွက်နိုင်ရေးအတွက် JICA က Feasibi- lity Study ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လေဆိပ်တည်ဆောက်ရေး ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံမှ သက်သာသောအတိုးနှုန်းဖြင့် ODA ချေးငွေ အချိန်မီရရှိနိုင်ရေးအတွက် Feasibility Study Report သည် များစွာအရေးပါသည့် အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လေဆိပ်တည်ဆောက်ရေးနှင့် တစ်ပြိုင်နက် မိမိတို့ မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့် Infrastructure လုပ်ငန်းများလည်း ပါဝင်သည့် အတွက် အဆိုပါလုပ်ငန်းများကို လျာထား သတ်မှတ်အချိန်အတွင်း အောင်မြင်စွာ အကောင် အထည်ဖော်ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက် မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးကြရန် ယခုအစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဦးဆောင်ကော်မတီဝင်များအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် အချိတ် အဆက်မိမိ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီဝင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ဟံသာဝတီအပြည် ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံ ကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီ တွဲဖက် အတွင်းရေးမှူး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက နောက်ခံသမိုင်းနှင့် စီမံကိန်း စတင်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ စီမံကိန်းတင်ဒါခေါ်ယူရွေးချယ်ခဲ့မှုနှင့် လက်ရှိ ဆောင်ရွက်နေမှုအခြေအနေ၊ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် စီမံကိန်းအကောင်အထည်ဖော် မည့်အခြေအနေ၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာရေး အစီရင်ခံစာအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ၊ ဌာနပိုင်မြေအမည်ပေါက်ရရှိရေးအတွက် မြေသိမ်း ဆည်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထား မှုအခြေအနေ၊ မြေယာလျော်ကြေးပေးချေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်း Feasi- bility Study Team Deputy Team Leader, Mr. Uehara က ဖြစ်မြောက်နိုင်စွမ်း လေ့လာ ဆန်းစစ်ချက် ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဦးဆောင်ကော်မတီဝင်များ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ဦးဆောင်ကော်မတီအတွင်းရေးမှူး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က စီမံကိန်းနှင့် စပ်လျဉ်း၍ ဌာနအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တိုးတက် များပြားလာသော လေကြောင်းခရီးစဉ်များနှင့် ခေတ်မီလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် နေရာ ကိုးနေရာအား လျာထားခဲ့ပါကြောင်း၊ ယင်းနေရာများအနက် ယခုစီမံကိန်း တည်ဆောက်မည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ်နေရာသည် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်းပျံသန်း မှုများအား ထိခိုက်မှုမရှိဘဲ သီးသန့် Separation ပြုလုပ်နိုင်ခြင်း၊ နိုင်ငံတကာ လေယာဉ်ပျံသန်းလမ်းကြောင်းများ (Interna- tional Air Route) များသို့ လွယ်ကူစွာ ဝင်/ထွက်နိုင်ခြင်း၊ Wind Speed and Wind Direction အရ လေယာဉ်ပြေးလမ်းအား တောင်နှင့်မြောက် ဖောက်လုပ်နိုင်ခြင်း၊ ပတ်ဝန်းကျင်အတားအဆီးများ (Obstruction) ကင်းရှင်းမှုရှိခြင်း၊ နိုင်ငံတကာလေဆိပ်အင်္ဂါရပ် နှင့်အညီ ပြည့်စုံစွာ တည်ဆောက်နိုင်သည့် မြေနေရာနှင့် ထပ်မံတိုးချဲ့ရန် လုံလောက်သည့် အကျယ်အဝန်းရှိခြင်း၊ အချက်အချာကျသည့် မြို့များ၊ အဝေးပြေးလမ်း၊ ရထားလမ်းနှင့် ချိတ်ဆက်နိုင်ရန် ဆက်သွယ်မှုကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လောပိတနှင့် ဇောင်းတူရေအားလျှပ်စစ်တို့မှ ဖြည့်ဆည်းပေး နိုင်မည်ဟု မျှော်မှန်းခြင်း၊ ရေလိုအပ်ချက်ကို လေဆိပ်အနီးရှိ ဇလက်ထော်နှင့် မဇင်း ရေလှောင်တမံမှ ရယူနိုင်ခြင်း၊ ပြည်တွင်းပြည်ပ လေယာဉ်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး များအတွက် ဆုံရပ်ဖြစ်ခြင်းဆိုသည့် အားသာ ချက် ကိုးချက်ကြောင့် ဦးစားပေးရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး ဆွေးနွေး ချက်ပါ အချိန်မီဆောင်ရွက်ရမည့်လုပ်ငန်းများ အား သတ်မှတ်ကာလအပြီး အဆင်ပြေချောမွေ့ စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
သတင်းစဉ်