အုပ်စုဖွဲ့၍ မဆင်မခြင်စွက်ဖက်မှု

 

ရန်ကုန်မြို့အခြေစိုက် အနောက်နိုင်ငံများမှ သံရုံးအချို့က  ကရင် ပြည်နယ်တွင် ပေါ်ပေါက်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များ နှင့် ပတ်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသံရုံးများသို့ သံတမန်စာ ပေးပို့သတိပေးခြင်းနှင့်  ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်ခြင်း တို့ ပြုလုပ်ခဲ့သည်။ အဆိုပါသံရုံးများက    ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်ပါ စိစစ်အတည်ပြုနိုင်ခြင်းမရှိသော အချက်အလက်များ နှင့် စွပ်စွဲမှုများက သက်ဆိုင်ရာအိမ်ရှင်နိုင်ငံ၏  ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ခြင်းကြောင့်  ယခုကဲ့သို့   သတိပေး ကန့်ကွက်ချက်ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။

 


သံတမန်ဟူသည် မိမိကိုယ်စားပြုရာနိုင်ငံနှင့်   မိမိရောက်ရှိနေ သည့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်သွယ်ပေးရသူများဖြစ်ပြီး သံတမန် ဆိုင်ရာ အခွင့်အရေးများ ခံစားကြရသလို ကျင့်ဝတ်များကိုလည်း  စောင့်ထိန်းကြရသူများဖြစ်သည်။ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဆိုင်ရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ အိမ်ရှင်နိုင်ငံနှင့် အစိုးရ တို့အပေါ် ဖိအားပေးခြင်းနှင့် နိုင်ငံတကာဥပဒေက တားမြစ်ထားသည့် ကိစ္စရပ်များကို မပြုလုပ်ဘဲ ရှောင်ရှားကြရသည်။ ယခုပူးတွဲကြေညာ ချက်ထုတ်ပြန်သည့် သံရုံးများမှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊   အာရှ၊ အာဖရိက၊ တောင်အမေရိကစသည့် နိုင်ငံများမပါဘဲ အနောက်အုပ်စုနိုင်ငံအချို့သာ ပါဝင်နေကျအတိုင်း ပါရှိနေကြခြင်းဖြစ်သည်။ 

 


၎င်းသံရုံးများအနေဖြင့် ကရင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်   စပ်လျဉ်း၍ အစိုးရဆန့်ကျင်သူ များ၊ အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများထံမှ ရရှိလာသည့် သတင်းများအပေါ်အခြေခံကာ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့နှင့် တစ်လေသံတည်းသာ ထွက်ပေါ်နေခြင်းဖြစ်သည်။ ဖြစ်စဉ် ဖြစ်ပွားရာ လေးကေ့ကော်သည်   ငြိမ်းချမ်းရေး စံပြမြို့သစ်ဖြစ်ပြီး CRPH၊ NUG၊ PDF  အကြမ်းဖက်အုပ်စုများ  ပေါ်ထွက်မလာမီက ပကတိငြိမ်းချမ်းသာယာသည့် ဒေသဖြစ်သည်။ ဆန့်ကျင်ဘက်အုပ်စု များမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များမှာ   လိုရာ ဆွဲထားသော၊ ပုံဖျက်ထားသော၊ အခြေအမြစ် ကင်းမဲ့သော သတင်း များသာဖြစ်သည့်အလျောက် စိစစ်အတည်ပြုရန် လိုအပ်မည်ဖြစ် သည်။ မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် လက်နက်ကိုင် အကြမ်း ဖက်အဖွဲ့အစည်းများက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာတွင် မြို့ရွာ များ၊ လူနေရပ်ကွက်များအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ် စေရန် ပြုလုပ်နေကြသည်ကို သတိပြုကြရန်လိုသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူနေရပ်ရွာများ စစ်တလင်းဖြစ်သွားပြီး ပျက်စီးမှု များ ဖြစ်ပေါ်စေရန်နှင့် အရပ်သားပြည်သူများကို တိုက်ခိုက်ပြီး မြို့ရွာ များကို တပ်မတော်က ပစ်ခတ်ဖျက်ဆီးနေသည်ဟု ကမ္ဘာက ရှုမြင် လာစေရန် ပုံဖော်နေခြင်းပင်ဖြစ်သည်။

 


လက်နက်မဲ့အရပ်သားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေ သည်ဆိုသည့် ပုံရိပ်များ နိုင်ငံအနှံ့တွင် ထပ်တလဲလဲ ပေါ်ထွက်လာ နေခြင်းမှာ တိုက်ဆိုင်မှုဟုဆိုသည်ထက် ရည်ရွယ်ချက်ဖြင့် ဖန်တီးမှု ဟူ၍သာဆိုရမည်ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များက ပြောသမျှကို သတင်းအဖြစ် ထုတ်လွှင့်နေသည့် အကြမ်းဖက်အားပေးမီဒီယာများ နှင့် သံရုံးတို့ လေသံတူနေမှုမှာလည်း သတိပေးအပ်သည်သာဖြစ် သည်။ တပ်မတော်သည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များ ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည်။ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းချိုးဖောက်မှုများ ပြစ်မှုထင်ရှားရှိပါက ကမ္ဘာ့နိုင်ငံများမှာ ရှိသည့် တပ်မတော်များကဲ့သို့ပင် အရေးယူသည်သာဖြစ်သည်။ အချုပ် အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် အုပ်စုဖွဲ့ကာ မဆင်မခြင်စွက်ဖက်ခြင်းက သံတမန်ကျင့်ဝတ်များ ကျိုးပေါက်ခဲ့ခြင်း သာ ဖြစ်ပါကြောင်း။           ။