ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်အတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထို

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်အတွက် ဆွစ်ယှဉ်ပြိုင်တင်ဒါခေါ်ယူနိုင်ရေး အကြံပေးဝန်ဆောင်မှုလုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုး

===================================================================================================================

 

နေပြည်တော် စက်တင်ဘာ ၄

 

ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) ခေါ်ယူ နိုင်ရေး အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ခန်းမတို့၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ချိတ်ဆက်ကျင်းပသည်။

 

တက်ရောက်

 

လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ Swiss Challenge တင်ဒါကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တင်ဒါကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဆက်အောင်နှင့် ဦးဗရတ်ဆင်းတို့သည် နေပြည်တော်မှ လည်းကောင်း၊ တင်ဒါကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် Roland Berger Pte. Ltd. မှ တာဝန် ရှိသူများက ရန်ကုန်မြို့တော်ခန်းမမှ လည်းကောင်း ပါဝင် တက်ရောက်ကြသည်။

 

လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ယနေ့သည် ရန်ကုန်မြို့ အနောက်ဘက် ကမ်းတွင် ခေတ်မီမြို့‌သစ်ဖော်ဆောင်နိုင်ရေး ရည်မှန်းချက် ကို လက်တွေ့အကောင်အထည်ဖော်ရန် ခြေလှမ်းသစ် တစ်ရပ်ကို အစပြုမည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်မည်ဖြစ် ကြောင်း၊ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှုသေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဦးစွာအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်း မြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် နိုင်ငံ့စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရေးနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း သစ်များ ဖန်တီးနိုင်ရေး အထောက်အပံ့ဖြစ်စေမည်ဖြစ် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီး ဖော်ဆောင်ပေးနိုင်ရေးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၏ အနှစ်သာရလည်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် ရင်ပေါင်တန်းနိုင်စေရန်နှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအများအပြား ဆွဲဆောင်နိုင်ရန်အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီအခြေခံအ‌ဆောက်အအုံများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး မြန်မာ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၂၆ ရာခိုင်နှုန်း ကို ကိုယ်စားပြုလျက်ရှိရာ ရန်ကုန်မြို့တော်တွင် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း။

 

ပိုမိုကောင်းမွန်လာမည်

 

ထို့အပြင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များအပါအဝင် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်းမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ၏ စားဝတ် နေရေးနှင့် လူနေမှု အဆင့်အတန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ရန်ကုန် မြို့တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်သည့်အပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် Roland Berger Pte. Ltd.မှ တာဝန်ရှိသူတို့က ပြည်ထောင်စုဝန်ကြီး ရှေ့မှောက်တွင် အကြံပေးဝန်ဆောင်မှု လုပ်ငန်းအပ်နှံစာချုပ်ကို လက်မှတ် ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

 

အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာ များနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်