လွတ်လပ်သည့် နိုင်ငံဘဝ မဆုံးရှုံးကြစေရေးအတွက် . . .

 

 

၂၀ရာစု   ကမ္ဘာ့သမိုင်းကိုကြည့်လျှင်   ကမ္ဘာနှင့်ချီသည့်   စစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး  လူသားသန်းပေါင်းများစွာ  စစ်ပွဲများအတွင်း သေကျေပျက်စီးခဲ့သည်။  ဒုတိယကမ္ဘာစစ်ကြီး   ပြီးဆုံးသွားသည့်အခါ ဝါဒချင်းမတူ   ဆန့်ကျင်သည့်    မဟာအင်အားကြီးနိုင်ငံ   နှစ်ခုက ဦးဆောင်သည့်   အရှေ့နှင့်အနောက်    နိုင်ငံအုပ်စုနှစ်စုတို့အကြား  စစ်အေးတိုက်ပွဲဟုခေါ်သည့်    အားပြိုင်မှု     ဆယ်စုနှစ်များနှင့်ချီ၍  ဖြစ်ပွားခဲ့သည်။ ၂၀ ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း အရှေ့အုပ်စု နိုင်ငံများမှာ   စီးပွားရေးအရရော၊  ဝါဒရေးရာအရပါ   ပြောင်းလဲလာ သည့် ကမ္ဘာ့အခြေအနေများနှင့်  လိုက်လျောညီထွေ လိုက်ပါပြောင်းလဲ နိုင်စွမ်း ကင်းမဲ့မှုကြောင့်  ရှုံးနိမ့်ခဲ့ရပြီး တရားမျှတခြင်း၊  လွတ်လပ်ခြင်း၊ သာတူညီမျှခြင်းတို့ကို  အခြေခံသည့်  ဒီမိုကရေစီသို့  ဘက်ပြောင်းခဲ့ ကြသည်။
မျက်မှောက်ကာလသည် ၂၁ ရာစု၏ တတိယမြောက် ဆယ်စုနှစ် သို့  ဝင်ရောက်ခဲ့ပြီဖြစ်ပြီး  ကမ္ဘာ့နိုင်ငံရေးမြင်ကွင်းကို  ကြည့်လျှင် အုပ်စုဖွဲ့မှု၊  အားပြိုင်မှုတို့က  အသစ်အသစ်  ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုက‌ရေစီဟူသော  ခေါင်းစဉ် အောက်မှာပင် နိုင်ငံတိုင်းက မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် ပေါင်းနုတ်မြှောက်စား တွက်ချက်ကာ အုပ်စုများဖွဲ့၍ အားပြိုင်ရုန်းကန် နေကြရခြင်းဖြစ်သည်။  နိုင်ငံချင်းဆက်ဆံရေးတွင်  အချုပ်အခြာ အာဏာကို လေးစားခြင်း၊ တန်းတူရည်တူ ဆက်ဆံခြင်း စသည်တို့မှာ လောကဝတ်သဘောအရသာဖြစ်ပြီး  အင်အားကသာ အဓိကဖြစ် သည်မှာ ပကတိ အမှန်တရားပင်ဖြစ်သည်။ ၂၀ ရာစုကမ္ဘာ့စစ်ပွဲကြီးများ အပြီး ပြောင်းလဲလာသည့် စံနှုန်းများနှင့် တန်ဖိုးများအရ လူသားတို့၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့က ရှေ့တန်းသို့ ရောက်လာသည်။ ကျေးကျွန်ပြုမှု ၊ ကိုလိုနီနယ်ချဲ့မှုတို့သည် အတိတ်ကာလက အမှား များအဖြစ် ခဝါချလိုက်ကြပုံလည်းရသည်။ သို့ရာတွင် အင်အားကြီး တို့၏ ဗီဇသဘောမှာ ဖျောက်မရသည့်အလျောက် ဗိုလ်ကျစိုးမိုးရေး ဝါဒနှင့် ကြီးနိုင်ငယ်ညှဉ်းဝါဒတို့က အစားထိုးဝင်ရောက်လာသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် လွတ်လပ်ရေးရရှိခဲ့သည့် တတိယ ကမ္ဘာ့နိုင်ငံငယ်အများစုတို့မှာ   ကိုလိုနီအရင်းရှင်  နယ်ချဲ့ဝါဒအပေါ် နာကြည်းသည့် စိတ်အခံရှိကြသည့်အလျောက် လက်ဝဲဝါဒများအပေါ် တိမ်းညွှတ်ခဲ့ကြပြီး လွတ်လပ်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိချိန်တွင် ကွန်မြူနစ်၊   ဆိုရှယ်လစ် စသည့်စနစ်များကို   ကျင့်သုံးခဲ့ကြကာ မျက်မှောက်ကာလတွင်မူ   ဈေးကွက်စီးပွားရေးစနစ်  အပြောင်းအလဲ တွင် အောင်မြင်သူများ၊ မအောင်မြင်သူများ၊ အချို့လည်း အရေးနိမ့်နေ သော နိုင်ငံများအဖြစ်ဖြင့် ရုန်းကန်နေကြရသည်။ ကမ္ဘာ့နိုင်ငံများစွာ တို့မှာ ဆင်းရဲနွမ်းပါးမှု၊ စီးပွားရေးနိမ့်ကျမှု၊ စားနပ်ရိက္ခာမဖူလုံမှု၊ သန့်ရှင်းသော သောက်သုံးရေလိုအပ်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းမှု၊ ကပ်ရောဂါများ ကျရောက်မှု စသည်တို့နှင့် ရင်ဆိုင်နေကြရ သည်နှင့်   တစ်ချိန်တည်းမှာပင်   ကုန်သွယ်မှုဆိုင်ရာ   အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အကူအညီနှင့် ချေးငွေ စသည့် အခွင့်အလမ်းတို့ အလို့ငှာ အင်အားကြီးနိုင်ငံများနှင့်  နောက်လိုက် အုပ်စုနိုင်ငံများတို့နှင့် လိုက်လျောညီထွေစွာ ဆက်ဆံကြရသည်။
ရာစုသစ်တွင် ကိုလိုနီနယ်ချဲ့ဝါဒသည် ၁၉ ရာစုခေတ်ကကဲ့သို့ စစ်သင်္ဘောများဖြင့် အမြောက်ပစ်ဖောက်ဝင်ရောက်လာတော့မည် မဟုတ်တော့။ ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်သဖွယ်ဖြစ်အောင် စီးပွားရေး၊ ငွေရေးကြေးရေး၊ အတွေးအခေါ်၊ ယဉ်ကျေးမှု စသည်ဖြင့် ဘက်ပေါင်းစုံမှ လွှမ်းမိုးစေမည်ဖြစ်သလို အင်အားချည့်နဲ့နေစေရေး အတွက်လည်း နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ကင်းမဲ့နေအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲနေအောင်၊ တစ်ဦးနှင့်တစ်ဦး သံသယအငြိုး ဖြင့် မုန်းတီးနေအောင်၊  ဘာသာ  သာသနာ  ယဉ်ကျေးမှု  ပျက်စီးနေ အောင်   နည်းလမ်းပေါင်းစုံဖြင့်   ဆောင်ရွက်ကြမည်ဖြစ်သည်။ လွတ်လပ်ပြီးသော  နိုင်ငံဘဝ မပျက်စီး မဆုံးရှုံးစေရန်မှာ နိုင်ငံအတွင်း တစ်သွေးတည်း၊     တစ်သားတည်း    စည်းလုံးညီညွတ်ရေးကို တည်ဆောက်ကာ   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး   အစွမ်းကုန်ကြိုးပမ်း ခြင်းဖြင့် အင်အားတောင့်တင်းခိုင်မာစေရန်သာ ဖြစ်ပါကြောင်း။     ။