
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မင်းတပ်နှင့် မတူပီမြို့တို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး မတူပီမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံ
==============================================================================================================
နေပြည်တော် စက်တင်ဘာ ၅
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည် နယ် (တောင်ပိုင်း)၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က မင်းတပ်မြို့ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာ တည်ဆောက်နေမှု၊ မင်းတပ်ကောလိပ်စာသင်ဆောင် ဆောက်လုပ်နေမှု၊ လည်မျို ချောင်းတံတားတည်ဆောက်နေမှု၊ မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သုံးထပ်ဆောင် ဆောက်လုပ်နေမှုနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မတူပီမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
ဒုတိယသမ္မတသည် နံနက်ပိုင်းတွင် မင်းတပ်မြို့၌ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ် လမ်းဦးစီး ဌာနမှူး ဦးဆန်းလွင်က ရှင်းလင်းပြသသည်။ အဆိုပါ ပြည်ထောင်စုအဆင့် ဧည့်ရိပ်သာသည် အလျား ပေ ၁၂၀၊ အနံ ပေ ၅၀ ရှိပြီး သံကူကွန်ကရစ်နှစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ် ပေါင်းစုတည်ဆောက်ခြင်း လုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ အဆောက်အဦဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေးက မင်းတပ်မြို့နှင့် မတူပီမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းအခြေအနေများ၊ မင်းတပ် ဝိဇ္ဇာသိပ္ပံကောလိပ်၊ ပညာရေးကောလိပ်နှင့် အစိုးရနည်းပညာနှင့် သက်မွေး ပညာသိပ္ပံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေခွဲဝေရရှိမှု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် အဆောက်အအုံများ၊ မင်းတပ်ကောလိပ် ပေါင်းစုအတွက် အမြဲတမ်းသုံးရေ ရရှိရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံချက်၊ ကျောင်းဝင်းပြင်ပ လျှပ်စစ် လုပ်ငန်းများနှင့် မင်းတပ်ကောလိပ် ပေါင်းစု တည်ဆောက်ခြင်းလုပ်ငန်း ၂၀၂၀-၂၀၂၁ အဆိုပြုရန်ပုံငွေဆိုင်ရာ များကို ရှင်းလင်းတင်ပြသည်။
အချိန်မီဆောင်ရွက်
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ကောလိပ် ပေါင်းစုဝင်းအတွင်း သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေထွက်မှ ရေသွယ်ယူဖြန့်ဝေခြင်းကို အချိန်မီဆောင်ရွက်သွားရေး၊ လမ်း၊ အဆောက်အအုံများ ဆောက်လုပ်ရာ တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ အစိုးရ နည်းပညာနှင့် သက်မွေးပညာသိပ္ပံ အတွင်း စာသင်ဆောင်ဆောက်လုပ် နိုင်ရေး၊ အဝင်လမ်းဖောက်လုပ်နိုင် ရန် ဦးစားပေးဆောင်ရွက်ရေးနှင့် ကောလိပ်ပေါင်းစုဝင်းအတွင်းရှိ တည် ဆောက်မှုများနှင့် စပ်လျဉ်း၍ အများ ပြည်သူသိရှိနိုင်ရန် ဆောင်ရွက်ရေး တို့ကို မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မင်းတပ်ကောလိပ် စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။ အဆိုပါ စာသင်ဆောင် သည် အလျား ၂၀၈ ပေ၊ အနံ ၃၈ ပေ ရှိပြီး သံကူကွန်ကရစ် နှစ်ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၆၃၂ ဒသမ ၃၂ သန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မတူပီမြို့နယ်ရှိ လည်မျိုတံတား ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးထက်၊ ဦးဝီကောနှင့် အင်ဂျင်နီယာ ချုပ် ဦးမျိုးဝင်းတို့က တည်ဆောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။
အဆိုပါတံတားသည် မင်းတပ် - မတူပီ လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ပေ ၂၄၀၊ အကျယ် ပေ ၃၀ နှင့် ခြောက်လက်မရှိပြီး သံကူ ကွန်ကရစ်တံတား အမျိုးအစားဖြစ် ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ရောက်ရှိရာ အင်ဂျင် နီယာချုပ် ဦးစိုးမင်းထွန်းက ချင်း ပြည်နယ်အတွင်း တည်ဆောက်ပြီးစီး ခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံ အခြေအနေများ၊ တည်ဆောက် လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအခြေအနေများ၊ ချင်း ပြည်နယ်အတွင်း ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်း လုပ်ငန်းများကို ရှင်းလင်းတင်ပြ သည်။
ဝမ်းမြောက်ဝမ်းသာဖြစ်
ယင်းနောက် ဒုတိယသမ္မတသည် မတူပီမြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအတွင်း ကြည့်ရှုစစ်ဆေး သည်။ အဆိုပါ ဓာတ်အားခွဲရုံဖွင့်လှစ် နိုင်ခဲ့သဖြင့် မတူပီမြို့သို့ မဟာ ဓာတ်အားလိုင်းစနစ်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၁ ရက်တွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် ဝမ်းမြောက် ဝမ်းသာဖြစ်နေကြကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မတူပီမြို့ ဘုံတလာခန်းမ၌ မတူပီမြို့ မြို့မိမြို့ဖ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက မိမိတို့ အစိုးရသက်တမ်း ကာလအတွင်း မတူပီမြို့သို့ လေးကြိမ်မြောက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု များကို လက်တွေ့ကျကျ မြင်တွေ့နိုင် ရန် လာရောက်ရခြင်းဖြစ်ပြီး ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် ဒေသခံ ပြည်သူတို့၏ အသံများကို ကြားသိနိုင် ရန် လာရောက်ရခြင်းလည်းဖြစ်ပါ ကြောင်း၊ မတူပီမြို့၏ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုကို မြင်တွေ့ ရသည့်အတွက် များစွာဂုဏ်ယူမိပါ ကြောင်း၊ လေကြောင်းဆက်သွယ်ရေး အနေဖြင့် လိုင်လင်းပီလေယာဉ်ကွင်း တည်ဆောက်မှုသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါကြောင်း၊ မတူပီမြို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အတွက် မဟာဓာတ်အားလိုင်းမှ ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ မတူပီမြို့နယ်အတွင်း ကျန်ရှိနေသေး သည့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကိုယ်စီအသိတရား
ကိုဗစ် - ၁၉ ကပ်ရောဂါကို တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် ဆိုးရွားစွာ ကြုံတွေ့နေကြရပါကြောင်း၊ ကပ်ရောဂါ ၏ စိန်ခေါ်မှုမှာ ကြီးမားပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း များကို သေချာစွာလိုက်နာကျင့်သုံးဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ စိုးရိမ်မှုလွန်ကဲရန် မလိုအပ် ပါကြောင်း၊ အဆိုပါရောဂါကို အစိုးရ နှင့် ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက် မှုများ၊ ကိုယ်စီအသိတရားများဖြင့် ကျော်လွှားသွားနိုင်မည် ဖြစ်ပါကြောင်း။
အသက် ၁၈ နှစ်ပြည့်ပြီး ငါးနှစ်လျှင် တစ်ကြိမ်သာ ပါဝင်ခွင့်ရသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးတွင် မိမိတို့ရရှိသည့် ဆန္ဒမဲပေး ခြင်းအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြစေလိုပါကြောင်း၊ မဲစာရင်းများ မှန်ကန်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြစေလိုပါကြောင်း။
နိုင်ငံတော်အစိုးရက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံ ပြည်သူများအနေဖြင့် နိုင်ငံတော် အစိုးရအား တတ်အားသရွေ့ ပြန်လည် အထောက်အကူပေးနိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်အတွင်း နယ်မြေရာသီ ဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် ဈေးကွက်ဝင် “၀”ဥ၊ ကော်ဖီနှင့် ထောပတ်စသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ စီးပွားဖြစ် ဖြစ်ထွန်း အောင်မြင်အောင် တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် အတွင်း ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သည့် အခြေအနေကောင်း များရှိသည့် အတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ အထိ ထုတ်လုပ်နိုင် သည်ဟု လေ့လာဆန်းစစ်ချက်များ အရ သိရှိရပါကြောင်း၊ အဆိုပါ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရရှိနိုင်မည်ဆိုပါ က ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ပေးနိုင်မည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချသွားနိုင် မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ရရှိနိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း၊ မတူပီမြို့၏ ဖွံ့ဖြိုးတိုးတက် မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ စေတနာ၊ မေတ္တာများကို မြင်တွေ့နိုင်ပါ ကြောင်း၊ နိုင်ငံအတွက်၊ ဒေသဖွံ့ဖြိုးရေး အတွက် မိမိအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်ပေးနိုင်မည်နည်းဆိုသည် ကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံတော် အစိုးရနှင့် ပြည်သူ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ဒေသလိုအပ်ချက်များ
ထို့နောက် မြို့မိမြို့ဖ ဦးထန်ကျင်း က ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြစ်သည့် မတူပီမြို့နယ်အတွင်း စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ် ပေးနိုင်ရေး၊ မတူပီပြည်သူ့ဆေးရုံကို ခုတင် (၁၀၀) ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးနိုင်ရေး၊ ခရိုင်အဆင့်မြို့ ဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာရုံးများ နှင့် ဝန်ထမ်းများ ဖြည့်ဆည်းပေးနိုင် ရေး၊ ရေဇွာတိုက်နယ်ဆေးရုံကို (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင် ရေး၊ ရေဇွာမြို့အတွက် မဟာဓာတ်အား လိုင်းစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေး၊ လိုင်လင်းပီမြို့၌ မြန်မာ့စီးပွားရေး ဘဏ်ခွဲဖွင့်လှစ်ပေးနိုင်ရေးနှင့် လုံငိုး တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဝန်ထမ်းများ ခန့်ထားပေးနိုင်ရေးတို့ကို လည်းကောင်း၊
မြို့မိမြို့ဖ ဦးတိတ်မင်းက ပလက်ဝ မြို့နယ်ရှိ ဝန်ထမ်းများအား မူရင်း လစာ၏ နှစ်ဆ ခံစားခွင့်ပြုပေးနိုင်ရေး၊ Multi– Purpose Shelter နှစ်ထပ် ဆောင် ဆောက်လုပ်ပေးနိုင်ရေး၊ ပလက်ဝမြို့ ဆေးရုံအား ခုတင်(၁၀၀) ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးနိုင် ရေးနှင့် တိုက်ပွဲရှောင်ပြည်သူများအား နေရာချထား ပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီး အိုး၊ ဦးပေါင်လွန်မင်းထန်နှင့် ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ် - ၁၉ ကာလ အတွင်း မတူပီမြို့နယ်တွင် စေတနာ့ ဝန်ထမ်း Volunteer ထမ်းဆောင် ခဲ့သူများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး ဒုတိယဝန်ကြီး ဦးတင်မြင့် က မတူပီမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိ ရာ အင်ဂျင်နီယာချုပ် ဦးကျော်မင်းအေး က အဆောက်အအုံဆိုင်ရာ အချက် အလက်များ၊ ဆောက်လုပ်လျက်ရှိ သည့် လုပ်ငန်းအခြေအနေများနှင့် ထပ်မံလိုအပ်သည့် ရန်ပုံငွေဆိုင်ရာ များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် မတူပီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အဆောက်အအုံသည် အလျားပေ ၁၂၀၊ အနံ ၁၃၆ ပေ၊ အမြင့် ပေ ၄၀ ရှိပြီး သံကူကွန်ကရစ် သုံးထပ် အဆောက်အအုံဖြစ်ကြောင်း သိရ သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား မင်းတပ်မြို့ လမ်းဦးစီးဌာန ဧည့်ရိပ်သာ ၌ တွေ့ဆုံသည်။
သတင်းစဉ်