အယ်ဒီတာ့အာဘော်
==============
ပြည်ထောင်စုအတွက် အမျိုးသားရေးကြိုးပမ်း
=================================
နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ဓနဥစ္စာအင်အားကြွယ်ဝမှ၊ အရင်းအမြစ်ပေါများမှသာ နိုင်ငံ၏အရေးအရာကိစ္စမှန်သမျှ အလွယ်တကူ အချိန်မရွေးဖြေရှင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတိုးတက်ရေး၊ ဥစ္စာဓနတောင့်တင်းခိုင်မာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို အစဉ်အမြဲကြိုးပမ်းအားထုတ်နေကြသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံ မဟုတ်ပေ။ စစ်မှန်သောဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာအောင် ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲဆောင်ရွက်နေ သည်။ ထိုသို့ဆောင်ရွက်နေစဉ် အရေးအရာကိစ္စများ ပေါ်ပေါက်လာပါက ရရှိထားသည့် ဘဏ္ဍာငွေအင်အားများ၊ ရှိသမျှအင်အားများဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသည်။ အရေးပေါ်ကိစ္စတစ်ခုကို ပီပြင်ထိရောက် စွာ ဆောင်ရွက်နိုင်ရန် ငွေကြေးအင်အား၊ ပစ္စည်းအင်အား၊ လူ့အရင်းအမြစ် အင်အားတို့ကို အစွမ်းကုန်ထုတ်နုတ်သုံးစွဲရသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းကြ ရာတွင် ချမ်းသာကြွယ်ဝသောနိုင်ငံများ၌ ရောဂါဆိုးဆိုးရွားရွားဖြစ်ခြင်းကို ပူပန်ရခြင်းထက် မချမ်းသာမကြွယ်ဝသော နိုင်ငံငယ်များ၌ ရောဂါများများ စားစားဖြစ်လာမည်ကို ပိုမိုစိုးရိမ်ရပေသည်။ ချမ်းသာကြွယ်ဝသည့်နိုင်ငံ များမှာ ငွေကြေးဥစ္စာ၊ ပစ္စည်း၊ အရင်းအမြစ် ပေါများကြွယ်ဝသဖြင့် ဖြစ်ပေါ် လာသမျှသော ဒုက္ခအခက်အခဲများကိုမမှုဘဲ ရင်ဆိုင်ကျော်လွှားသွားနိုင် သော်လည်း မြန်မာနိုင်ငံကဲ့သို့ အဘက်ဘက်က အားနည်းသောနိုင်ငံအဖို့မှာမူ ခက်ခက်ခဲခဲရုန်းကန်ရသည့်အပြင် အရေးပေါ်ကာလပြီးဆုံးပြီးနောက် နိုင်ငံ အင်အားယိုင်နဲ့မသွားစေရေး ရေရှည်အတွက်လည်း မြော်တွေးလုပ်ဆောင်နေ ရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ယနေ့ကာလတွင် ရခိုင်အရေး၊ ရန်ကုန်အရေးဟူ၍ ခွဲခြားဆောင်ရွက်နေ၍မရဘဲ ပြည်ထောင်စုကြီးအရေး၊ တစ်နိုင်ငံလုံးအရေးအဖြစ် လွှမ်းခြုံဆောင်ရွက်နေရသည်။ ရခိုင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ငွေကြေး ၁၆ ဘီလီယံအသုံးပြု ထားရကာ ဆေးဝါးပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာအရင်းအမြစ်များကို ရောဂါ ဖြစ်ပွားမှု ကျယ်ပြန့်လျှင် ကျယ်ပြန့်သလောက် တိုးမြှင့်ဖြည့်စွက်ပေးနေရ သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အဘက်ဘက်တွင် လိုအပ်လျှင်လိုအပ်သလောက် ဖြည့်ဆည်းပေးလျက်ရှိသည်။ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် ဖြစ်ပွားသည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး၏ နာကျင်မှုစိတ်ဓာတ်ဖြင့် ချဉ်းကပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာလျှင် အဓိကဆောင်ရွက်ရသူများမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး ပါဝင်ကူညီဆောင်ရွက်ကြရသူများမှာ ဆက်နွှယ်ရာအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းပြည်သူများဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွင် အဓိကစိန်ခေါ်မှုနှင့် လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုနှင့် ပြည်သူများ၏ တာဝန်သိမှုဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဝန်ထမ်းများမှာ ၎င်းတို့၏ပင်မတာဝန် များအပြင် ကိုဗစ်-၁၉ ရောဂါ တိုးလျှင်တိုးသလောက် ဘဝများကိုပေးဆပ်၍ ၂၄ နာရီ ထမ်းဆောင်နေကြသည်။ ရောဂါဖြစ်မှုနည်းလျှင် နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ပြီး ဖြစ်ပွားမှုများလျှင် မနိုင်မနင်းဖြစ်လာနိုင်သည်။ ထို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်ရာ၌ ပြည်သူ မပါလျှင် ထိထိရောက်ရောက် လုပ်ကိုင်နိုင်မည်မဟုတ်ပေ။ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ တိုးခြင်း၊ လျော့ခြင်းမှာ ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်မှုသည် အဓိကဆိုခြင်းထက် ပြည်သူများ၏ အသိတရားရှိရှိ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် ပို၍အဓိကကျသည်။ ပို၍အရေးပါသည်။ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင်ရေးအတွက် ငွေကြေး၊ ဆေးဝါးပစ္စည်း၊ လူအရင်းအမြစ်များ အစွမ်းကုန်ထုတ်နုတ် သုံးစွဲပေးလျက်ရှိနေသည်ကို ပြည်သူများအနေဖြင့် သိမြင်နားလည်ပြီး အသိတရားရှိရှိ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအားလုံး အသိတရားဖြင့် ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်းလိုသည်။ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးသည် အသစ် အဆန်း မဟုတ်ပေ။ အတွေ့အကြုံရှိပြီးသားလည်း ဖြစ်သည်။ မလိုအပ်ဘဲ အိမ်ပြင်မထွက်ပါနှင့်၊ သတ်မှတ်ထားသောမြို့နယ်ဖြစ်လျှင် အိမ်မှာနေပါ။ ပြည်သူအားလုံး နှာခေါင်းစည်းဝတ်ပါ၊ လက်ကို ဆပ်ပြာနှင့်ဆေးပါ။ လူစုလူဝေးများကို ရှောင်ရှားပါ၊ ဖြစ်နိုင်လျှင် တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေစီလောက်ခွာထားပါ။ ရောဂါပိုးသံသယရှိလျှင် သက်ဆိုင်ရာ ဌာနများသို့ ချက်ချင်းအကြောင်းကြားပါ။
သို့ဖြစ်ရာ ပြည်သူသာလျှင် အဓိကဖြစ်၍ ကျန်းမာရေးဆိုင်ရာ အခြေခံ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်သူတိုင်း ပြည်သူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အားလုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု နိုင်ငံတော်ကြီး ရောဂါဘေးမှကင်းဝေးစေမည် ဖြစ်သည်။ ပြည်ထောင်စုကြီး ရေရှည်အကျိုးစီးပွားအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပံ့ပိုးကူညီရာ ရောက်ပေမည်။ ။