ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဒေသအလိုက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ ဒေသအလိုက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

==========================================================

နေပြည်တော် စက်တင်ဘာ ၅

 

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ပါ ဒေသအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ် ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်း ဦးစီးမှူးများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ် ရေးရာကော်မတီဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က လူငယ်များ၏ အခွင့်အရေးများ၊ ရပ်တည်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည် ဖော်ရန် လမ်းပွင့်သွားပြီဖြစ်ပါကြောင်း၊ ယနေ့ ခေတ် လူငယ်များအနေဖြင့် အတိတ်သမိုင်းကို သိရှိပြီး ယခုမိမိတို့ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချကာ အနာဂတ်မှာ ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့ လူငယ်များသည် လွတ်လပ်စွာပြောဆို တီထွင် ဖန်တီး လုပ်ဆောင်ခွင့်များ ရရှိကြပြီဖြစ်သော် လည်း တည်ဆဲဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ကြရကြောင်း၊ ထိုဥပဒေများသည် လူငယ်များ၏ ပါဝင်နိုင်မှုနှင့် သာတူညီမျှ အကျိုးခံစားခွင့်ကို လွတ်လပ်လုံခြုံစွာ ဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ခံစားရရှိနိုင်ရန် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီပြီး လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို အာမခံနိုင် သော စစ်မှန်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ကို ဖော်ဆောင်ရန် မိမိတို့ ကြိုးပမ်းလျက်ရှိ ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး လိုက်လျောညီထွေရှိမည့် အခြေခံဥပဒေတစ်ရပ်လည်း ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့ တာဝန်ယူစဉ်ကာလတွင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် လူ့ဘဝစက်ဝန်းတစ်လျှောက် လူတစ်ဦးချင်းစီ ၏ အခွင့်အရေးကို အာမခံနိုင်သော မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များ ချမှတ်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ပေါ်ပေါက် ပြီးဖြစ်သည့် လူငယ်မူဝါဒသည် လူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ ထိုမူဝါဒအပေါ် အခြေခံသော မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရန် တာဝန်ရှိလာပြီဖြစ်ကြောင်း၊ ထိုတာဝန်ကို လူငယ်များနှင့်အတူ မူဝါဒပါ ပေါင်းစပ်ညှိနှိုင်းမှုယန္တရားအရ အစိုးရ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းကြရန် ဖြစ်ကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလတွင် အဟန့်အတားများရှိသော်လည်း လုပ်ငန်း ယန္တရား ရပ်တန့်မသွားအောင် ကိုဗစ်-၁၉ နှင့် ယှဉ်တွဲပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ လူငယ်များအနေဖြင့် လူငယ်ဆိုင်ရာ ကဏ္ဍ ၁၆ ရပ်အနက် အားလုံးသဘောတူပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည့် ဦးစားပေးလုပ်ငန်းစဉ်များကို ရွေးချယ်ပြီး ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးများက မိမိတို့ ဒေသအလိုက် လူငယ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြ သည်။

 

ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်လူငယ်များက မဟာဗျူဟာအရ မိမိတို့ဒေသအလိုက် ဦးစားပေးရွေးချယ်ထား သောကဏ္ဍများ၊ စတင်အကောင်အထည်ဖော် နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုများပါဝင်သော လုပ်ငန်းစီမံချက် (Costed Action Plan) ရေးဆွဲနိုင်ရေးနှင့် ဒေသအလိုက် အခက်အခဲများကို တင်ပြ ဆွေးနွေးခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားလုံးတစ်ပြိုင်တည်း စတင်အကောင်အထည် ဖော်နိုင်မည့်ကဏ္ဍများကို ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း နေပြည်တောင်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် လူငယ်များပူးပေါင်းဆောင်ရွက်မှု အားကောင်း လာပါကြောင်း၊ Costed Action Plan နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်ကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံး အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ များအား ညှိနှိုင်းအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာလတွင် ရင်ဆိုင်ရသောအခက်အခဲများကြားက အခွင့် အလမ်းကောင်းများ ပေါ်ပေါက်ခဲ့ကြောင်း၊ လူငယ်အများစုပါဝင်သည့် စေတနာ့ဝန်ထမ်း များကို စုစည်းဆောင်ရွက်နိုင်မှုကြောင့် လူငယ် များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပိုမိုနီးစပ်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်ခြင်း၊ အစိုးရဌာန ဆိုင်ရာများနှင့် လူငယ်များအကြား အပြန် အလှန်ယုံကြည်မှု ပိုမိုလာခြင်းနှင့် အချို့သော အခက်အခဲရှိသည့် ပြည်နယ်များကို ပိုမို အားဖြည့် ကူညီပူးပေါင်းလာနိုင်ရန် အခွင့် အလမ်းများ ပေါ်ပေါက်လာခြင်းတို့ဖြစ် ကြောင်း၊ မဟာဗျူဟာစီမံချက်ပါ အကောင် အထည်ဖော်မည့်ကဏ္ဍများတွင် ဘဏ္ဍာငွေ လိုအပ်ချက်ကို သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ လျာထားဆောင်ရွက်မှုများကို ညှိနှိုင်းပေးမည် ဖြစ်ကြောင်း၊ လူငယ်ကဏ္ဍနှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများကလည်း ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြား သည်။

 

သတင်းစဉ်