
ဝါရှင်တန် ဒီဇင်ဘာ ၂၈
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်အထိ တစ်ပတ်တာ ကာလအတွင်း နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၆၅၀၀ ရှိကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြား သည်။
အထူးသဖြင့် အမေရိကန်နိုင်ငံ အရှေ့ပိုင်းနှင့် အနောက်အလယ်ပိုင်းပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နယူးယောက်ပြည်နယ်တစ်ခု တည်းမှာပင် ဒီဇင်ဘာ ၂၆ ရက်တစ်ရက်တည်း ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူ ၄၉၇၀၈ ဦးရှိကြောင်း သိရ သည်။
ယင်းသို့အမေရိကန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခြင်းနှင့်အတူ ခရစ္စမတ် ကာလ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက် ခြင်း၊ ဝန်ထမ်းအင်အား လျော့နည်းမှုများဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် လေကြောင်းခရီးစဉ် အများအပြားကို လည်း ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။ အမေရိကန် မီဒီယာများ၏ ဖော်ပြချက်အရ ခရစ္စမတ်အားလပ်ရက် များအတွင်း လေကြောင်းခရီးစဉ် ၃၀၀၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
အချို့သော လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ရခြင်းသည် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်ကြောင်း နှင့် တချို့သော လေကြောင်းခရီးစဉ်များမှာမူ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်