
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရေဇွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
====================================================================
ဂန့်ဂေါ စက်တင်ဘာ ၆
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှု စစ်ဆေးရန် ချင်းပြည်နယ် (တောင်ပိုင်း)၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မတူပီမြို့မှ ရေဇွာ မြို့သို့ရောက်ရှိပြီး ရေဇွာတိုက်နယ်ဆေးရုံ ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ နှစ်ထပ်တိုးချဲ့ဆောင်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေဇံက လုပ်ငန်း ပိုင်းဆိုင်ရာများကို ရှင်းလင်းပြသသည်။
အဆိုပါ တိုးချဲ့ဆောင်သည် အလျား ၉၅ ဒသမ ၆ ပေ၊ အနံပေ ၅၀ ရှိပြီး သံကူကွန်ကရစ် နှစ်ထပ်အမျိုးအစား ဖြစ်ကာ လုပ်ငန်းတစ်ခုလုံး တန်ဖိုးငွေကျပ် ၄၇၂ ဒသမ ၃၆ သန်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ရေဇွာမြို့ လမ်းဦးစီး ရိပ်သာသို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် (Mission Aviation Fellowship – MAF) Site Manager, Mr. Terry တို့က လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ်ဆိုင်ရာ အချက်အလက်များ၊ လေယာဉ်ကွင်းငယ် တည်ဆောက် လျက် ရှိသည့်အခြေအနေ၊ လေယာဉ်ကွင်းငယ်တည်ဆောက် နေသည့်ပုံစံနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေ၊ လိုင်လင်းပီ လေယာဉ်ပြေးလမ်းအတွက်လိုအပ်သည့် ကျောက်ထုတ် ကျောက်ခွဲခြင်းလုပ်ငန်းအခြေအနေ၊ လိုင်လင်းပီလေယာဉ် ကွင်းငယ်
ဝန်းကျင်ပတ်လည်တွင် ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ထားသည့် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ ကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက လိုင်လင်းပီမြို့ လေယာဉ်ကွင်းငယ်တည်ဆောက်ရေးကို သတ်မှတ်အချိန်မီ အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ကြိုးပမ်းတည်ဆောက် နိုင်ရေး လမ်းညွှန်မှာကြားသည်။
အဆိုပါ လိုင်လင်းပီ လေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၉၅၀ ရှိ ကြောင်း၊ ပြေးလမ်းအရှည် ပေ ၂၅၀၀၊ အကျယ်ပေ ၅၀ ရှိပြီး ပြေးလမ်းမှာ Flexible Pavement အမျိုးအစားဖြစ်ကြောင်း၊ ပြေးလမ်းခံနိုင်ရည်မှာ ကီလို ၅၇၀၀ ဖြစ်ပြီး Caravan Cessna လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်မည် ဖြစ်ကြောင်း၊ ချင်းပြည်နယ်(တောင်ပိုင်း)တွင် နေထိုင်သည့် ဒေသခံပြည်သူများ သွားလာမှုလွယ်ကူစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ပြီး ၇၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ လိုင်လင်းပီ လေယာဉ်ကွင်း ကို Mission Aviation Fellowship(MAF)၏ ထောက်ပံ့ ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် မတူပီမြို့နယ် ရမ်းစီးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးဦးတို့ ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ဂန့်ဂေါမြို့သို့ ရောက်ရှိကြသည်။
သတင်းစဉ်