၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ ဗြိတိသျှလက်အောက်သို့ တစ်နိုင်ငံလုံးကျရောက်သွားခဲ့ရပြီး အချုပ် အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်ကို လက်လွတ်ဆုံးရှုံး ခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သွားရသော အပြောင်းအလဲသည် လွန်စွာလျင်မြန်လှသည့်အတွက် မြန်မာပြည်သူတို့သည် ဝေခွဲမရ တွေဝေမှုများဖြင့် အခိုက်အတန့် ငြိမ်သက်နေခဲ့ကြသည်။ သို့သော် ၁၈၈၆ ခုနှစ်၏ နှစ်လယ်ပိုင်းသို့ ရောက်လာသည့်အခါ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း သိမြင်သွားကြပြီဖြစ်သည့်အလျောက် ဆန့်ကျင် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်လာသည်။
‘‘မြန်မာလူမျိုးတို့သည် မည်သည့်ချုပ်ချယ်မှုကိုမျှလည်း အလို ရှိသော လူမျိုးမဟုတ်၊ တိတိကျကျအားဖြင့် နိုင်ငံခြားသားများ၏ အုပ်ချုပ်ခြင်းကို နည်းနည်းမျှ လိုလားကြသူများ မဟုတ်ကြ။ ထို့ကြောင့် မြန်မာတို့သည် အတိုက်အခိုက် ကျွမ်းကျင်သူများကို ခေါင်းဆောင်တင်မြှောက်ကာ ကျွန်ုပ်တို့ကို စတင်တိုက်ခိုက်ကြလေ တော့၏။ ဤနည်းဖြင့် မြန်မာပြည်အထက်ပိုင်း ဗန်းမော်မှ အလယ် ပိုင်း မင်းလှမြို့အထိ၊ ရှမ်းပြည်မှသည် ချင်းတောင်တန်းများအထိ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ဆူပွက်ပုန်ကန် တိုက်ခိုက်ကြပါ တော့သည်။’’ဟူ၍ ထိုစဉ်က အခြေအနေကို ကိုယ်တိုင်တွေ့ကြုံခဲ့ ရသူ၊ ဗြိတိသျှစစ်အုပ်ချုပ်ရေးယန္တရားမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ဖီးလ်ဒင်းဟော က ရေးသားခဲ့သည်။ ဗြိတိသျှတို့၏ စစ်ဌာန ချုပ်ရုံးကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းကာ စစ်သား၊ စစ်ရဲအင်အား များ ထပ်မံဖြည့်တင်း၍ မြန်မာမျိုးချစ် တော်လှန်ရေးသမားများ၏ ဆန့်ကျင်တော်လှန်မှုများကို ဆယ်နှစ်ကျော်မျှ နှိမ်နင်းခဲ့ရပြီး ဆယ်စုနှစ် အနည်းငယ်မျှ ငြိမ်သက်သွားခဲ့သည်။
၁၉၀၀ ပြည့်လွန်နှစ်များတွင် ဇာတိမာန်စိတ်ဓာတ် ပြန်လည် နိုးကြားခြင်းနှင့်အတူ ဝံသာနုခေတ် အမျိုးသားစိတ်ဓာတ်နှင့် လွတ်လပ်ရေးစိတ်ဓာတ်တို့ ပွားများတိုးတက်လာခဲ့ရာ ဒုတိယကမ္ဘာ စစ်ကြိုကာလအထိ နိုင်ငံရေးတိုက်ပွဲများဖြင့် ဆူပွက်လှုပ်ရှားနေ ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများအတွင်း စတင် သန္ဓေတည်လာခဲ့သည့် မြန်မာ့တပ်မတော်သည် ၁၉၄၁ ခုနစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) အဖြစ် မွေးဖွားသန့်စင်ပေါ်ထွန်းခဲ့ကာ မြန်မာ့မြေပေါ်မှ နယ်ချဲ့တို့ကိုလည်းကောင်း၊ ဖက်ဆစ်တို့ကိုလည်းကောင်း တွန်းလှန် တိုက်ခိုက်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင် ရန်သူ့ ဘက်၌ ကျဆုံးသူ ၁၀၈၂၆၊ ဒဏ်ရာရ ၂၃၀၄၊ သုံ့ပန်း ၂၀၅ ယောက် နှင့် ရန်သူ၏လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။
၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် ဗမာ့ တပ်မတော်တိုင်းမှူးများ အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် တိုင်းပြည်သို့ နှိုးဆော်စာထုတ်ပြန်ခဲ့ရာတွင် “ကျွန်ုပ်တို့ တပ်မတော် သားအားလုံးသည်လည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သူအပေါင်းတို့သည်လည်းကောင်း ဤမျှအပင်ပန်းခံ၊ အဆင်းရဲအနစ်နာ အသေအကျေခံကာ ကြိုးပမ်း ဆောင်ရွက်ခဲ့သည်မှာ လက်တစ်ဆုပ်မျှရှိသော လူတစ်စု၏ ကောင်းစားမှုကိုသာလည်းကောင်း၊ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုသာလည်းကောင်း ရည်ရွယ်မှန်းဆလျက် ဆောင်ရွက် လုပ်ကိုင်ခဲ့ကြသည်မဟုတ်ဘဲ မြန်မာနိုင်ငံလူထုအပေါင်း လွတ်လပ် ရေးအတွက် ရည်စူးလျက် လုပ်ကိုင်ခဲ့ကြသည့် အကြောင်းကို ခေါင်းဆောင်မည့်ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသားအပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုက်ပေကြောင်း” ဟူ၍ ထည့်သွင်းရေးသား ခဲ့ရာ အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီး၍ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်ကို တွေ့မြင်နိုင်သည်။
မိမိတို့၏ ဘိုးဘွားများ သက်စွန့်ကြိုးပမ်းရယူပေးခဲ့သည့် လွတ်လပ်ရေးသည် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက်၊ ခေတ် အဆက်ဆက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်ခံနိုင်ရေးအတွက် ဖြစ်သည်။ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော နိုင်ငံသူ နိုင်ငံသား ဘဝကို မိမိတို့ခံစားကြရသည့်နည်းတူ အနာဂတ်မျိုးဆက်သစ်များသို့ လည်း လက်ဆင့်ကမ်းနိုင်ရမည်ဖြစ်သည့်အလျောက် နိုင်ငံ၏ အချုပ် အခြာအာဏာတည်တံ့ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းထမ်းရွက်ကြရမည် ဖြစ်ပါကြောင်း။ ။