
နေပြည်တော် ဒီဇင်ဘာ ၃၀
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အိမ်ရှင်တရုတ်နိုင်ငံအနေဖြင့် ဟန်ကျိုးမြို့၌ အဓိကကျင်းပမည်ဖြစ်ပြီး နေရာ ၄၄ ခု၌ ကျင်းပရန် စီစဉ် ထားခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အားကစားနည်း ၄၀ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ၄၈၂ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ရာ ရေကူး/ဒိုင်ဗင်/ဝါတာပိုလို၊ မြားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ Breakdancing ၊ ဘေ့စ်ဘော၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ကနူး/ကယက်၊ ခရစ်ကက်၊ စက်ဘီး၊ ရိုးရာလှေ၊ မြင်းစီး၊ ဓားရေး၊ ဟော်ကီ၊ ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball ၊ ဂျူဒို၊ Kabaddi ၊ Martial arts (ဂျူဂျစ်ဆု၊ ကရာတေး၊ Kurash) ၊ Mind sports (Bridge ၊ စစ်တုရင် ၊ Esports ၊ Go ၊ Xiangqi) ၊ Modern pentathlon ၊ Roller sports (Roller skating ၊ Skateboarding) ၊ အပြည်ပြည်ဆိုင်ရာလှေ၊ ရပ်ဘီ၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ Sport climbing၊ Squash၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ အလေးမ၊ နပန်းနှင့် ဝူရှူးအားကစားနည်းတို့ ပါဝင်မည်ဖြစ်သည်။
မြန်မာအားကစားအဖွဲ့အနေဖြင့် ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သော်လည်း ယှဉ်ပြိုင်မည့်အားကစားနည်းများ ရွေးချယ်ရခြင်းမရှိသေး ကြောင်း သိရသည်။
ရဲရင့်လွင်