
နေပြည်တော် မတ် ၈
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကမ္ဘာ့အင်ဂျင်နီယာနေ့ (World Engineering Day for Sustainable Development) အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့၏နာယက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ လျှောက်လှမ်းခဲ့သည့် သမိုင်းကြောင်းနှင့် လက်ရှိရောက်ရှိနေမှု၊ အာဆီယံအပြင် ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ်တွင် ပါဝင်ဆောင်ရွက်နေမှု၊ ကမ္ဘာကြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရေးတွင် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာ ဆိုင်ရာလုပ်ငန်းများသည် အရေးပါသည့်အတွက် ယခုနှစ်မှစတင်၍ မတ် ၄ ရက်ကို ကမ္ဘာ့အင်ဂျင်နီယာနေ့အဖြစ် UNESCO မှ သတ်မှတ်ပေးခဲ့ပါကြောင်း၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးခရီးပန်းတိုင် - Sustainable Development Goal (၁၇) ချက်တွင် အင်ဂျင်နီယာများ မဖြစ်မနေ ဦးဆောင်ပါဝင် လှုပ်ရှားရမည့် ပန်းတိုင် ငါးခုရှိကြောင်း၊ ၎င်းပန်းတိုင်များအတွက် ရည်မှန်းချက် များကို ၂၀၃၀ ပြည့်နှစ်တွင် အားလုံးတန်းတူညီစွာရရှိခံစားနိုင်ရေးအတွက် အင်ဂျင်နီယာများက စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် လိုအပ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
စိစစ်ပြောင်းလဲပေးရန် လိုအပ်
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ်နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အင်ဂျင်နီယာအတတ်ပညာသည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၏ အခြေခံလိုအပ်ချက်များ၊ နည်းပညာသစ်ဖော်ထုတ်အသုံးပြုခြင်းများ၊ လူသားများ အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများ၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး၊ စွမ်းအင်လုံလောက်စွာရရှိရေး၊ သဘာဝအရင်းအမြစ်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲထုတ်ယူသုံးစွဲခြင်းလုပ်ငန်းစဉ်များအတွက် မဖြစ်မနေ အားကိုးအားထား ပြုရသူများဖြစ်ကြောင်း၊ အင်ဂျင်နီယာများကို ပြည်တွင်း၌ သင့်တင့်သော အလုပ် အကိုင်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ပြောင်းလဲ လာသော နည်းပညာအသစ်များနှင့် လိုက်လျောညီထွေဖြစ်စေမည့် သင်ရိုး ညွှန်းတမ်းများဖြစ်အောင် ပညာရေးကဏ္ဍမှ စိစစ်ပြောင်းလဲပေးရန် လိုအပ် ကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ အရည်အချင်းမြှင့်သင်တန်း များ၊ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ စိစစ်ထုတ်ပေးခြင်းဖြင့် မိမိတို့အင်ဂျင်နီယာများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးရာရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် Asia Pacific အင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က ကမ္ဘာ့အင်ဂျင်နီယာနေ့ ကျင်းပရခြင်းနှင့် အင်ဂျင်နီယာအသင်း၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လုပ်ငန်းအတတ်သင်ပညာရပ်များ၊ ပိုမိုတိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်နေမှုများ၊ UNESCO တွင် ဝန်ကြီးဌာနမှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံမှ UNESCO ၏ ဗဟိုအမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်
ယင်းနောက် World Engineering Day for Sustainable Development ဆုရရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၊ 2020 ပြည့်နှစ် အတွက် စံပြုထိုက်သူ လူငယ်ဆုရရှိသူနှင့် အဖွဲ့လိုက်လုပ်ငန်းစွမ်းဆောင်ရည်ဆုရ ရှိသူများကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ် ဥက္ကဋ္ဌတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အခမ်းအနား ကျင်းပရေးအတွက် မတည်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်ကြသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီတို့မှ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များ၊ အင်ဂျင်နီယာဘာသာရပ် ဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြသည်။
သတင်းစဉ်