
ဂျီနီဗာ ဒီဇင်ဘာ ၃၀
ကမ္ဘာတစ်ဝန်းအိုမီခရွန်နှင့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေ ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂါဘရီယီးဆပ် က ပြောကြားခဲ့သည်။ သို့ရာတွင် ကမ္ဘာကြီး သည် လက်ရှိကျရောက်လျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါအား ၂၀၂၂ခုနှစ်တွင် အပြီးတိုင် တိုက်ဖျက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အမေရိကန်နှင့် ဥရောပ နိုင်ငံများတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံရှိသည့်အနက် နိုင်ငံပေါင်း ၉၂ နိုင်ငံသည် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ နိုင်သေးကြောင်း တွေ့ရှိနေရသည်ဟု ဂါဘရီ ယီးဆပ်က ပြောကြားခဲ့သည်။
နှစ်သစ်တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းချက်တစ်ရပ်အဖြစ် နိုင်ငံတိုင်းသည် ကမ္ဘာတစ်ဝန်းနိုင်ငံများရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအား ၂၀၂၂ ခုနှစ် ဇူလိုင်လ နောက်ဆုံးထား၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်ကြ ရန် ၎င်းက တိုက်တွန်းခဲ့သည်။ ကမ္ဘာတစ်ဝန်း ၌ ဒီဇင်ဘာ ၂၀ မှ ၂၆ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄ ဒသမ ၉၉ သန်း ခန့်ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုလှိုင်းများ မြင့်တက်လာ ချိန်တွင် နိုင်ငံများရှိ ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်၌ ဝန်နှင့်အားမမျှဘဲ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအပေါ် ဝန်ထုပ် ဝန်ပိုးများဖြစ်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
လာမည့် သီတင်းပတ်များအတွင်း အိုမီခရွန်နှင့် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ လျော့နည်းကျဆင်းသွားစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ် ကျန်းမာရေးအစီအစဉ်မှ တာဝန်ရှိသူ ဒေါက်တာမိုက်ကယ်ရိုင်ယန်က ပြောကြား သည်။ အမေရိကန်နိုင်ငံတွင် အိုမီခရွန်ဗီဇ ပြောင်းဗိုင်းရပ်စ်ကူးစက်မှုသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၏ ၅၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဒယ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုမှာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ