ဗီယက်နမ်နိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ၁၄ ဦး တိုးလာမှုကြောင့် အိုမီခရွန်ကူးစက်ခံရသူ စုစုပေါင်း ၁၅ ဦးရှိ

 

ဟနွိုင်း   ဒီဇင်ဘာ    ၃၁ 


အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ နောက်ထပ် ၁၄  ဦးတိုးလာကြောင်း   ဗီယက်နမ်ကျန်းမာရေး အာဏာပိုင်များက ဒီဇင်ဘာ ၃၁ ရက်တွင် အတည်ပြု ခဲ့မှုနှင့်အတူ ယခုအခါ ဗီယက်နမ်နိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ ၁၅ ဦး ရှိလာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြသည်။ 

 


အိုမီခရွန်ဗိုင်းရပ်စ်သစ်    ကူးစက်ဖြစ်ပွားသူများ အားလုံးမှာ    မကြာသေးမီက  တောင်ကိုရီးယားနှင့်   အမေရိကန်ပြည်ထောင်စုတို့မှ   ဗီယက်နမ်နိုင်ငံ  အလယ်ပိုင်း ကွမ်နမ်ပြည်နယ်သို့ ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံသားများဖြစ်ကြသည်။ 

 


ကျန်းမာရေးအာဏာပိုင်များ  ချမှတ်ထားသော ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အတူ ၎င်းတို့သည်  ယခုအခါ  စောင့်ကြပ်ကြည့်ရှုမှုခံယူနေကြ ပြီး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိသည်။ 

 


ဗြိတိန်မှ   မကြာသေးမီက  ပြန်လည်ရောက်ရှိ လာသူတစ်ဦးတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ် ပထမဆုံး ကူးစက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံက    ဖော်ပြခဲ့သည်။   ၎င်းသည် ဗီယက်နမ်မြို့တော် ဟနွိုင်းသို့ ရောက်ရောက်ချင်း စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့သည်။ 

 


ဒီဇင်ဘာ   ၃၀  ရက်က  ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၇၁၄၇၄၂ ဦး ရှိကြောင်း အတည်ပြုဖော်ပြခဲ့ပြီး လွန်ခဲ့သော ဧပြီလ ကတည်းကစကာ ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်လှိုင်းဂယက်    ရိုက်ခတ်မှုကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁ ဒသမ ၇ သန်းကျော် ရှိလာခဲ့ကြောင်း         ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြသည်။                          

ဆင်ဟွာ