
ရန်ကုန် ဒီဇင်ဘာ ၃၁
အာရှဘောလုံးအဖွဲ့ချုပ်က ပြုလုပ်မည့် ၂၀၂၂ အာရှအဆင့် ကလပ်ပြိုင်ပွဲ များဖြစ်သော အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲတို့တွင် မြန်မာ ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
မြန်မာကလပ်များအနေဖြင့် လာမည့်နှစ်တွင် ပြုလုပ်မည့် အာရှ ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် တစ်သင်း၊ AFC Cup ပြိုင်ပွဲအုပ်စုအဆင့်တွင် တစ်သင်း၊ ခြေစစ်ပွဲအဆင့်တွင် တစ်သင်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ၂၀၂၁ ရာသီတွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပနိုင်ခြင်းမရှိသဖြင့် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ပြိုင်ပွဲမှ ချန်ပီယံအသင်းနှင့် ဒုတိယ ဆုရအသင်းတို့ကို ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။ ၂၀၂၂ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲနှင့် ၂၀၂၂ AFC Cup ပြိုင်ပွဲအုပ်စုအဆင့်တွင် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ပြုလုပ်မည့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ နှင့် AFC Cup ပြိုင်ပွဲတို့ကို ဇုန်အားလုံးပြုလုပ်နိုင်ရန် စီစဉ်ထားပြီး ကပ်ရောဂါအခြေအနေကြောင့် အိမ်ကွင်း၊ အဝေးကွင်းမကျင်းပဘဲ တစ်ကျော့တည်းသာ ပြုလုပ်မည်ဖြစ်သည်။
ရဲရင့်လွင်