
ရန်ကုန် မတ် ၈
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်များနှင့် ပင့်သံဃာတော်များ စုစုပေါင်း (၁၀၈)ပါးဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက် ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း သြဝါဒါစရိယ ရန်ကင်း မြို့နယ် ကျိုက်ပိကျောင်မဟာဓမ္မိကာရုံ ပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏေသန ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ရေစက်သွန်းချ
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတ မြို့နယ် တိပိဋကလင်္ကာရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြ သည်။
ယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ စေတီတော်များတွင် ဥပုသ်သီလဆောက်တည်ကြသူများနှင့် ဘုရားဖူးလာပြည်သူ များ၏ ကုသိုလ်ပုည ဆည်းပူးသံများဖြင့် ဝေစည်လျက်ရှိသည်။
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြလေ သည်။ တပေါင်းလသည် ဆောင်းကြွင်းနွေဦးလဖြစ်ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောက်လေးများ ပေါ်ထွက် လာခြင်းဖြင့် တင့်တယ်သာယာ လှပေသည်။
“တပေါင်းသာခေါင် လများနောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလ တွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များပေါ်ထွန်းသဖြင့် သဲပုံစေတီ ပွဲကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။
သတင်း- ကိုကိုဇော်၊ ဓာတ်ပုံ- ဇော်မင်းလတ်း