
ထွန်းကျော်
ယခုလတ်တလောမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့ ကိစ္စတစ်ခုဖြစ်တာနဲ့အညီ နှစ်သစ်ကူးနေ့မတိုင်မီ တချို့ဥရောပနိုင်ငံတွေဟာ ဗီဇပြောင်းအိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေလုပ်ဆောင်ခဲ့ကြပါတယ်။
သမိုင်းမှာ အမြင့်ဆုံးဖြစ်
ပြင်သစ်နိုင်ငံမှာ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတဲ့ အရေ အတွက်ဟာ ဒီဇင်ဘာ ၂၉ ရက်က ၂၀၈၀၉၉ ဦးဖြင့် စံချိန်သစ်တင်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးစံချိန် ကို ချိုးခဲ့ပါတယ်။ နိုင်ငံအတွင်း နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သမိုင်းမှာ အမြင့်ဆုံးဖြစ်ပွားခဲ့ပါတယ်။
ဆိုလိုတာကတော့ တစ်နေ့ ၂၄ နာရီရဲ့ စက္ကန့်တိုင်းမှာ ပြင်သစ် နှစ်ဦး ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိခဲ့တာကို ဖော်ပြလိုက်တာပဲ ဖြစ်ပါ တယ်လို့ ကျန်းမာရေးဝန်ကြီး အိုလီဗီရာ ဗီရန်က အမျိုးသားညီလာခံမှာ ပြောကြားခဲ့ပါတယ်။ အဲဒီညီလာခံမှာ ကာကွယ်ဆေးထိုးရေး ဥပဒေ ကြမ်းကို အတည်ပြုဖို့လည်း တင်ပြခဲ့ပါတယ်။
အပိုဆုကြေးထပ်မံချီးမြှင့်
ဒီဇင်ဘာ ၂၈ ရက်က ပြင်သစ်အစိုးရဟာ ဇန်နဝါရီလကုန်အထိ ဈေးဝယ်ကုန်တိုက်တွေမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးပစ္စည်းတွေ ရောင်းချခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် အထူးကြပ်မတ်ကုသဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးဝန်ထမ်းတွေအတွက် လစဉ် အပိုဆုကြေးအဖြစ် ယူရို ၁၀၀ (အမေရိကန်ဒေါ်လာ ၁၁၃ ဒေါ်လာ) ပေးဖို့လည်း ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ စိုးရိမ်
အိုမီခရွန်ဗိုင်းရပ်စ်ဟာ ပိုပြီးကူးစက်ဖြစ်ပွားလာမယ့်အရေးကို စိုးရိမ်ပူပန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒါနွမ် ဂီဘရီယက်ဆုစ်က ဒီဇင်ဘာ ၂၉ ရက်က သတိပေးခဲ့ပါတယ်။ ဆူနာမီလိုအဟုန်နဲ့ ဒယ်လ်တာဗိုင်းရပ်စ်လိုမျိုး ကူးစက်ဖြစ်ပွားမှုတွေ တစ်ရှိန်ထိုးများပြား လာမှာကို စိုးရိမ်နေတယ်လို့ သူကပြောပါတယ်။
ပြိုလဲလုနီးနီးဖြစ်နေတဲ့ ကျန်းမာရေးခရီးလမ်းကြောင်းရှည်ကြီးပေါ်မှာ အသက်ကို ပဓာနမထားဘဲ ပြေးလွှားနေရတဲ့ မောပန်းနွမ်းလျ ပန်းကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးစနစ်ကို ကြီးမားတဲ့အထောက်အကူတွေ ဆက်လက်ပေးဖို့လည်း သူက ပြောကြားလိုက်ပါတယ်။ အဲဒီလိုမှ ကျန်းမာရေးကဏ္ဍကို ထောက်ပံ့မှု မလုပ်ဘူးဆိုရင် အိုမီခရွန်ဗိုင်းရပ်စ်ဟာ ကမ္ဘာ့ပြည်သူတွေရဲ့ အသက် နဲ့ နေ့စဉ်လူမှုဘဝကို ကောင်းစွာနှောင့်ယှက်လိမ့်မယ်လို့ သူက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပေါ်ဝန်ပိမှုတွေလျှော့ချပေး
စပိန်နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချပေးဖို့ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူတွေကို ၁၀ ရက်တာ ကွာရန်တင်းဝင်ရမယ့်အစား ခုနစ်ရက်အထိ လျှော့ချပေးဖို့ ကျန်းမာရေးအာဏာပိုင်တွေက ဆုံးဖြတ် ခဲ့ပါတယ်။
အခုလို အသစ်ပြုပြင်လိုက်တဲ့ ဆောင်ရွက်ချက်ကြောင့် ဆေးဝန်ထမ်းတွေအပေါ် ဖိအားတွေလျှော့သွားဖို့ မျှော်လင့်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်အထိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၅၀၀၀ ကျော်လောက်ရှိတယ် လို့ ပြောကြားခဲ့ပါတယ်။
စားဝတ်နေရေးကဏ္ဍကိုထိခိုက်
ကျန်းမာရေးဝန်ဆောင်မှုအပြင် စားဝတ်နေရေးကဏ္ဍဟာလည်း ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားမှုနဲ့အတူ ကပ်ရောဂါကန့်သတ် တားဆီးရေးဆောင်ရွက်ချက်တွေ ချမှတ်လိုက်တဲ့အတွက် ပထမဆုံး ထိခိုက်လာတဲ့ ကဏ္ဍကတော့ စားဝတ်နေရေးကဏ္ဍပဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ တားဆီးရေးတွေချမှတ်
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ၄၈ နာရီအတွင်း သုံးဆမြင့်တက်လာပြီးနောက်မှာတော့ ဂရိအစိုးရက နောက်ထပ် ကိုဗစ်-၁၉ တားဆီးရေးဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော် ဖို့ ဒီဇင်ဘာ ၂၉ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။
အိုမီခရွန်ဗိုင်းရပ်စ်ဟာ အခုတော့ လွှမ်းမိုးလာပါပြီ။ နိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ဒယ်လ်တာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရဆဲ အချိန်မှာ အခုတော့ ပိုဆိုးလာဖို့ရှိပါတယ်။ ထိန်းချုပ်ဟန့်တားနိုင်ဖို့ဆိုရင် အချက်တွေအကုန်လုံးကို ချင့်ချိန်တွက်ဆရမှာပဲ ဖြစ်ပါတယ်လို့ ဂရိကျန်းမာရေးဝန်ကြီး သာနော့စ်ပလီဗရစ်က ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာတာကို ရင်ဆိုင်နေရချိန် အစိုးရ ဟာ နောက်ထပ် ကိုဗစ်-၁၉ ကန့်သတ်တားဆီးရေးဆောင်ရွက်ချက် တွေကို ဇန်နဝါရီ ၃ ရက်မှာ ချမှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ တားဆီးရေးဆောင်ရွက်ချက်တွေကို ချမှတ်
ဆိုက်ပရပ်စ်ဟာ ခရီးသွားကဏ္ဍကို အဓိကမှီခိုနေရတဲ့ နောက်ထပ် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အဟုန်ကို နှေးသွားအောင် နောက်ထပ်ဆောင်ရွက်ချက်သစ်တွေကို လုပ်ဆောင်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီး မီချဲလစ်ဟာဂျီပန် တီလက်စ်က ပြောပါတယ်။
ပေါ်တူဂီအစိုးရဟာ နောက်ထပ်ကိုဗစ်-၁၉ ကန့်သတ်တားဆီးရေး ဆောင်ရွက်ချက်တွေကို ဇန်နဝါရီ ၅ ရက်အထိ ထပ်မံသက်တမ်းတိုး ချမှတ်ထားပါတယ်။ စားသောက်ဆိုင်တွေ၊ ပါတီတွေနဲ့ ရှိုးပွဲတွေကို သွားဖို့ဆိုရင် ပြည်သူတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထား ကြောင်း သို့မဟုတ် ကိုဗစ်-၁၉ ကင်းစင်ကြောင်း သက်သေပြဖို့ လိုပါတယ်။
ပေါ်တူဂီနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်သူ အသစ် ၂၆၈၆၇ ဦးရှိတယ်လို့ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကတည်းက နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အများဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။
အိုမီခရွန် ဗိုင်းရပ်စ်ကြောင့်ဖြစ်
ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ အခြေအနေဆိုးရွားလာမှုဟာ အဓိက အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ တစ်နေ့တည်းမှာကိုပဲ ကိုဗစ်-၁၉ အသစ်ထပ်မံကူးစက်ဖြစ်ပွားမှုဟာ၂၆ ရာခိုင်နှုန်းနီးပါး တိုးလာပါ တယ်လို့ ရောဘတ်ကို့စ်အင်စတီကျူက ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကို အဆုံးသတ်ဖို့ဆိုရင် မိမိတို့တတ်နိုင်တာ တွေကို အမြန်ဆုံးလုပ်ဆောင်သွားကြဖို့လိုတယ်လို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဆဗန်ဂျာဆချူဇီက ပြောပါတယ်။
အိမ်နီးချင်း ဘယ်လ်ဂျီယံနိုင်ငံမှာလည်း အသစ်အသစ်သော ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုရဲ့ ၆၀ ရာခိုင်နှုန်းဟာ အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်လို့ အဏုဇီဝပညာရှင် အန်မန်နျူရယ် အန်ဒရီက ပြောပါတယ်။
ဒိန်းမတ်ကျန်းမာရေးအာဏာပိုင်တွေကလည်း အခုလို အားလပ် ရက်ရာသီချိန်မှာ လူနည်းနိုင်သမျှအနည်းဆုံးကို မြင်တွေ့ချင်တယ် ဆိုပြီး ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
နှစ်ကူးအားလပ်ရက်ပျော်ရွှင်ဖို့ တစ်ခုတည်းသောနည်းလမ်း
ဗြိတိန်မှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူဦးရေဟာ ၁၈၃၀၃၇ ဦးအထိ တိုးလာခဲ့ပါတယ်။ ထပ်မံကူးစက်ဖြစ်ပွားတဲ့ ကိုဗစ်-၁၉လူနာအရေအတွက် ၉၀ ရာခိုင်နှုန်း ကျော်ဟာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကတော့ ကိုဗစ်-၁၉ အပို ဆောင်းကာကွယ်ဆေးထိုးခြင်းရဲ့ အရေးပါပုံကို အသားပေးပြောဆို ခဲ့ပါတယ်။ နှစ်ကူးအားလပ်ရက်ကို အသိဉာဏ်ရှိရှိနဲ့ သတိရှိရှိပျော်ရွှင်ဖို့ ဆိုရင် ဒါကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူက အလေးအနက်ပြောကြားခဲ့ပါတယ်။
ကိုးကား-ဆင်ဟွာ