အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်) တနင်္ဂနွေနေ့ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သောအခါ၌ ဤငါတို့မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီးအဖြစ်သို့ရောက်ပြီဟူ၍ နိဒါန်းချီသော လွတ်လပ်ရေးကြေညာ စာတမ်းကို ထုတ်ပြန်ကျူးရင့်ကာ ၂၀ ရာစု၏ ခေတ်သစ်ကမ္ဘာ့ အသိုက်အဝန်းသို့ ဝင်ရောက်ခဲ့သည်မှာ ကာလအားဖြင့် ၇၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
နိုင်ငံတစ်နိုင်ငံဟူသည့် ဥပဓိရုပ်ပြည့်စုံစေရန်မှာ (၁) ပိုင်နက် နယ်မြေ၊ (၂) နိုင်ငံသားပြည်သူလူထု၊ (၃) အုပ်ချုပ်သူအစိုးရ၊ (၄) အချုပ်အခြာအာဏာပိုင်စိုးမှု ဟူသော အင်္ဂါလေးရပ် လိုအပ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ အင်္ဂါလေးရပ်အနက် တစ်ခုခု ချို့ယွင်းမပြည့်စုံပါက နိုင်ငံဟူ၍ ဆိုနိုင်တော့မည် မဟုတ်ပေ။ လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံသည် သူတစ်ပါးလက်အောက်ခံ။ အုပ်ချုပ်သူက တိုင်းတစ်ပါးအစိုးရ။ အချုပ်အခြာအာဏာပိုင်ဆိုင် မှုသည် မိမိနိုင်ငံ၊ မိမိလူမျိုးတို့လက်ဝယ်တွင်မရှိ။ နိုင်ငံ၏ ရေမြေ နှင့် သဘာဝသယံဇာတများကို နယ်ချဲ့တို့က ထုတ်ယူကာ ရရှိလာ သည့်အကျိုးအမြတ်များကလည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ တို့အတွက် မဟုတ်ခဲ့။ အရင်းရှင်စနစ်ဟုဆိုသော်လည်း ကိုလိုနီ နယ်ချဲ့တို့၏ အရင်းရှင်စနစ်အောက်တွင် ဌာနေမြန်မာတိုင်းရင်းသား အရင်းရှင်ငယ်တို့မှာ နိုင်ငံခြားအရင်းရှင်ကြီးများ၏ လက်ဝါးကြီး အုပ်မှုကို မယှဉ်နိုင်သလို အစိုးရတာဝန်ထမ်းဆောင်ရာတွင်လည်း အဆင့်မြင့်ရာထူးများကို မျှော်မှန်းနိုင်ခြင်းမရှိဘဲ စာရေးစာချီ အဆင့်မျှသာ ကျေနပ်ကြရသည်။ အရင်းရှင်နယ်ချဲ့လက်အောက် တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် အဘက် ဘက်မှ ဖိနှိပ်ခံခဲ့ရသမျှကို လွတ်လပ်ရေးအတွက် ကြိုးပမ်း တိုက်ပွဲဝင်သည့်အခါ နယ်ချဲ့အင်ပါယာအတွင်း ဓနသဟာယ အဖွဲ့ဝင်အဖြစ်ပင် နေလိုခြင်းမရှိတော့သည့်အတွက် လုံးဝ လွတ်လပ်ရေးကိုသာ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ဓနသဟာယအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်ပါဝင်မည် ဆိုပါက မြန်မာနိုင်ငံကို တောင်ပေါ်နှင့် မြေပြန့်အဖြစ် နှစ်ပိုင်း ခွဲခြားမည့်အန္တရာယ်ကို မြင်တွေ့ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
တစ်ချိန်က ကမ္ဘာ့နိုင်ငံများစွာ(ကမ္ဘာမြေပြင်၏ ၇၅ ရာခိုင်နှုန်း ကျော်)ကို ကျူးကျော်ကျွန်ပြုခဲ့ကြသည့် နယ်ချဲ့နိုင်ငံများက မျက်မှောက်ကာလတွင်လည်း ကမ္ဘာ့နိုင်ငံများကို လွှမ်းမိုးခြယ်လှယ် ၍ ကမ္ဘာ့အစီအစဉ်ကို ၎င်းတို့စိတ်တိုင်းကျရေးဆွဲနေကြရာ ခေတ်သစ်ကိုလိုနီဝါဒကို ပုံဖော်နေကြခြင်းပင်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် လက်လွှတ်လိုက်ရသော တစ်ချိန်က ၎င်းတို့ကျွန်ပြုခဲ့သည့်နိုင်ငံများ၏ လွတ်လပ်ရေးကို တစ်နည်းနည်းဖြင့် ဖျက်ဆီးကာ ပြန်လည်ချုပ်ကိုင်စိုးမိုးနိုင်ရေးအတွက် စွက်ဖက် နေကြခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ချိန်မှစကာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများ တွင် ပြည်ပစွက်ဖက်မှုများ နောက်ကွယ်မှပါလေ့ရှိပြီး ခေတ် အဆက်ဆက်က အစိုးရများကို ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှား မှုများတွင်လည်း နောက်ကွယ်မှ အရိပ်သဖွယ် ပါဝင်နေသည် တို့ကို တွေ့ရသည်။
အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံ တစ်ခုသည် ၎င်းတို့စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်နိုင်သည့် နိုင်ငံမဟုတ်ပါက နိုင်ငံမတည်မငြိမ်ဖြစ်အောင်၊ ပြည်တွင်းပဋိပက္ခ များ၊ တိုက်ပွဲများဖြင့် သံသရာလည်ကာ ဆင်းရဲမွဲတေပြီး နွမ်းပါး နိမ့်ကျသည့် နိုင်ငံဘဝရောက်အောင် လုပ်ကြံဖန်တီးခံရမည် ဖြစ်သည်။
ယနေ့ကမ္ဘာတွင် နိုင်ငံတိုင်းက မိမိတို့၏ အမျိုးသားရေးအကျိုး စီးပွားကို ဗဟိုပြုကာ အားပြိုင်လှုပ်ရှားနေကြသော နိုင်ငံတကာ အခင်းအကျင်းကို တွေ့မြင်ကြရမည်ဖြစ်သည်။ အားပြိုင်မှုဟု ဆိုသည့်အတိုင်း အင်အားကသာ အဓိကအဆုံးအဖြတ်ဖြစ်ရာ နိုင်ငံတိုင်းက မိမိတို့၏အင်အားတို့ကို တည်ဆောက်ကြရသည်။ နိုင်ငံအင်အားဟူသည် ပြည်တွင်းမှာသာရှိပြီး အစိုးရနှင့် ပြည်သူ အကြား၊ ပြည်သူအချင်းချင်းအကြားတွင် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အင်တိုက် အားတိုက်ဆောင်ရွက်ခြင်း၊ နိုင်ငံ့ကာကွယ်ရေးစွမ်းအား မြှင့်တင် ဖြည့်ဆည်းခြင်းတို့ဖြင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ ဂုဏ်ကျက်သရေကို လင်းလက်တောက်ပနိုင်ပါစေ ကြောင်း။ ။