
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာကော်မတီ၏ (၇၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
===========================================================
နေပြည်တော် စက်တင်ဘာ ၁၀
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကော်မတီ၏ (၇၃)ကြိမ်မြောက် အစည်းအဝေး ပထမနေ့သို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင် အလှည့်ကျသဘာပတိ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Arutin Chernvirakul နှင့် ဒုတိယသဘာပတိ နီပေါနိုင်ငံ ကျန်းမာရေးနှင့် လူဦးရေဆိုင်ရာဝန်ကြီး Mr. Bhanu Bhakta Dhakal တို့က အဖွင့်စကားပြောကြားခြင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က ၂၀၁၉ ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များဆိုင်ရာ နှစ်ပတ် လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom က လက်ရှိကမ္ဘာ့နိုင်ငံများတွင် ကြုံတွေ့နေရ သော ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အခြေအနေများနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က နိုင်ငံများသို့ ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက် ကြသည်။
ထို့နောက် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများက အမှာစကားပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင် အာရှဒေသဆိုင်ရာရုံး၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစီရင်ခံစာတွင်ပါရှိသော မိမိတို့အားလုံး ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများ၊ ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ရုံး၏ နောင်လာမည့် (၂)နှစ်တာ လုပ်ငန်းအစီအစဉ်ရေးဆွဲရာ၌ မဖြစ်မနေ ထည့်သွင်းစဉ်းစားသွားရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါအချက်များကို အဖွဲ့ဝင်နိုင်ငံအားလုံးအနေ ဖြင့် သေချာစွာ ဖတ်ရှုလေ့လာသုံးသပ်ရန်နှင့် မိမိတို့နိုင်ငံ များ၌ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ထင်ရှားကြီးမား သော အကျိုးသက်ရောက်မှုရရှိစေရန်အတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ နည်းပညာပံ့ပိုးမှုများကို ရနိုင်သမျှ အများဆုံးရရှိ၍ အကျိုးရှိထိရောက်စေရန် သင့်လျော်သလို စဉ်းစားဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
ထို့ပြင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အကူအညီများ ပိုမို၍ အကျိုးရှိထိရောက်စေရန် အတွက် ဒေသဆိုင်ရာရုံးသို့ လက်တွေ့ကျပြီး ပြုလုပ်နိုင်မည့် အကြံဉာဏ်များပေးရန် တိုက်တွန်းလိုပါကြောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ ဒေသဆိုင်ရာရုံးအနေဖြင့် ပြီးခဲ့သည့် (၂)နှစ်တာအစီရင်ခံစာ သုံးခုကို သေချာစွာသုံးသပ်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ ထိရောက်စွာ တိုးတက် ပြောင်းလဲရန် မည်သို့ဆောင်ရွက်သင့်သည်ကို လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများသို့ ခွဲဝေချထားသည့် ရန်ပုံငွေကို ထိရောက် အကျိုးရှိစွာသုံးစွဲနေခြင်း ရှိ၊ မရှိကိုလည်းကောင်း၊ မိမိတို့ အားလုံး ကျော်လွှားရန် လိုအပ်သည့် စိန်ခေါ်မှုများကို လည်းကောင်း သုံးသပ်ကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ဒေသအဆင့် အဖွဲ့အစည်း များဖြစ်သည့် GAVI ၊ Global Fund ၊ UNFPA ၊ UNICEF ၊ UNAIDS နှင့် အခြားဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် မည်သို့အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်၊ အဖွဲ့ အစည်းတစ်ခုနှင့်တစ်ခု မည်သို့ ချိတ်ဆက်ဖြည့်ဆည်းကူညီ နေသည်ဆိုသည့်အချက်ကိုလည်း အလေးထားသုံးသပ် ရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများသို့ ပံ့ပိုးနေသည့် အကူအညီများသည် မလိုအပ်ဘဲ ထပ်နေခြင်းမျိုး မဖြစ်စေ ရန် ပြင်ပအကူအညီ အထောက်အပံ့များဆိုင်ရာ မူဘောင် ရေးဆွဲထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာ မည့်နှစ်များအတွက် ရေးဆွဲဆောင်ရွက်မည့် (၂)နှစ်တာ လုပ်ငန်းအစီအစဉ် (work plan) တွင် ရန်ပုံငွေကို ခွဲဝေ ချထားရုံသက်သက် မဟုတ်ဘဲ နိုင်ငံတစ်ခုချင်း၏ တိကျ သောလိုအပ်ချက်ပေါ်မူတည်၍ ကျစ်လျစ်ပြီးအကျိုးရှိသော၊ ဦးတည်ချက်ရှိသည့် အထောက်အပံ့မျိုးဖြစ်စေရန် ရေးဆွဲ ဆောင်ရွက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကျိုးရှိထိရောက် သော ပံ့ပိုးမှုများဖြင့် မိမိတို့ဒေသတွင်းနိုင်ငံများတွင် ပြည်သူ့ ကျန်းမာရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း၊ အရှေ့တီမောနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ရှိ အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှ သံအမတ်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေး မှူးချုပ်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး နှင့်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေး ဒုတိယနေ့တွင် ကိုဗစ်-၁၉ ကြောင့် အနာဂတ်ကာလတွင် ပုံမှန်အဖြစ် ပြောင်းလဲနေထိုင်သွား ရမည့် ပုံစံအသစ်နှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှဒေသ နိုင်ငံများ၏ အတွေ့အကြုံများ၊ သင်ခန်းစာများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှုများနှင့် ပြည်သူ့ကျန်းမာရေးစီမံကိန်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရေး ဟူသော ခေါင်းစဉ်များဖြင့် ကျန်းမာရေးဝန်ကြီးများ စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က မြန်မာနိုင်ငံ၏ အတွေ့အကြုံများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ် Dr. Tedros Adhanom နှင့် အရှေ့တောင်အာရှဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh တို့က ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရင်ဆိုင်ရေးတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဒေသတွင်းနိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် အရှေ့တောင်အာရှဒေသ အဖွဲ့ဝင်နိုင်ငံ များ၏ ကိုဗစ်-၁၉ ကို စုပေါင်းရင်ဆိုင်တုံ့ပြန်ခြင်းဆိုင်ရာ ကျန်းမာရေးဝန်ကြီးများ ကြေညာချက် (Ministerial Declaration) ကို အလှည့်ကျသဘာပတိ ထိုင်းနိုင်ငံက ကြေညာရာ အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံလုံး၏ ကျန်းမာရေး ဝန်ကြီးများက ကြေညာချက်ကို အတည်ပြုခဲ့ကြသည်။
ထို့နောက် အရှေ့တောင်အာရှဒေသအတွင်း ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ထူးချွန်ပြောင်မြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုများအတွက် အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်း ချီးမြှင့်ပေးအပ်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ တွင် မျက်ခမ်းစပ်ရောဂါအား ပြည်သူ့ကျန်းမာရေးပြဿနာ အဖြစ်မှ ကင်းဝေးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mrs. Poonan Khetrapal Singh က မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကင်းဝေးကြောင်း အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူ သည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ်၊ အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှူးချုပ်၊ အရှေ့ တောင်အာရှဒေသ ညွှန်ကြားရေးမှူး၊ အစည်းအဝေး သဘာပတိ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီးတို့က နိဂုံးချုပ်စကားများ ပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်