
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
===================================================================
နေပြည်တော် စက်တင်ဘာ ၁၂
စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
ဈေးမြင့်ရောင်းချမှု စစ်ဆေးမည်
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည့်အပြင် တစ်ဦးချင်းအနေဖြင့်လည်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မိမိဌာန၏ လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် လူဝင်/ထွက်မှုကို ကန့်သတ်တားဆီးမှုများရှိပြီး ကုန်ပစ္စည်း ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်လာနိုင် ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခြေခံ စားသောက်ကုန်များ၊ ဆေးဝါးနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ဖြစ်သင့်သည့်ဈေးထက် မြင့်တက်ရောင်းချ မှုများကိုလည်း စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
အရှိန်အဟုန်မပြတ် ဆောင်ရွက်
ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာ ဆန်နှင့်
ဆီ ဝယ်ယူသိုလှောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်
များအပြင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏
လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ
လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရုံးချုပ်အနေဖြင့် လည်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲများကို အွန်လိုင်းမှ ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းမှ ညှိနှိုင်းဆောင်ရွက်မှုများသည် ကိုဗစ်-၁၉ က ပေးသည့် New Normal အခြေအနေဖြစ်ပါကြောင်း၊ လုပ်ငန်းများကို New Normal အရ အရှိန်အဟုန်မပြတ်
ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများ၊ စားသုံးသူ သက်သာချောင်ချိ ရေးလုပ်ငန်းများ၊ အရေးပေါ်ရိက္ခာဆန်နှင့် ဆီသိုလှောင်မှု များ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့မှ ဆန်စပါးဝယ်ယူသိုလှောင်မှုများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်မှုအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကဏ္ဍအလိုက် ဇုန်များ၊ အစုအဖွဲ့များဖွဲ့စည်းဆောင်ရွက်သည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ အလွန်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ဖြည့်စွက်ရှင်းလင်း
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက် များအပေါ် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်လွင်က ပြန်လည်ဖြည့်စွက်ရှင်းလင်း တင်ပြ သည်။
ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက ထပ်မံဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်