အယ်ဒီတာ့အာဘော်
============
ကိုဗစ်ထိန်းချုပ်ရေး စနစ်တကျပူးပေါင်း
=======================
တစ်နေ့တခြား ကူးစက်ဖြစ်ပွားမှု များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ကူးစက်ဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ ကိုဗစ်-၁၉ လူနာများအား စေတနာပြည့်ဝစွာဖြင့် ကုသမှု ပေးနေသော ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်မကျဆင်းဘဲ လိုအပ်ချက် များပြည့်စုံနေရေးသည် အရေးကြီးသည်။
ရောဂါကို မထိန်းနိုင်ပါက ရေရှည်တွင် ကျန်းမာရေးလူ့အရင်းအမြစ်များ၊ ဆေးရုံနေရာ အဆောက်အအုံများ၊ အသွားအလာကန့်သတ်ရန် အဆောက် အအုံများ၊ ဘဏ္ဍာငွေနှင့် ဆေးဝါးပစ္စည်းများ ပိုမိုလိုအပ်လာမည် ဖြစ်သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားနေသဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရေး (stay at home) အစီအစဉ်ကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်အား အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့ကိုလည်း နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြောင်း ထပ်မံ အသိပေးကြေညာခဲ့သည်။
ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်းလမ်းညွှန်ချက်များသည် အသွားအလာကန့်သတ်ထားရှိရာနေရာများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်း များတွင် မဖြစ်မနေ စနစ်တကျလိုက်နာကျင့်သုံးရမည့်အချက်များ ဖြစ်သည်။ ရောဂါကူးစက်ဖြစ်ပွားမှုများပြားသည့် ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနေသူများ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်တွင် ရောဂါလက္ခဏာမရှိဘဲ ရောဂါပိုးရှိနေသူများ ပါဝင်နိုင်ခြေရှိနေသဖြင့် ၎င်းတို့မှတစ်ဆင့် ထပ်ဆင့်ရောဂါကူးစက်မှု ဖြစ်ပွားခြင်းများရှိနေနိုင်သည် ကို အထူးသတိပြုကာ အလေးအနက်ထားလုပ်ကိုင်ရမည် ဖြစ်သည်။
နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ်သည် ပြည်သူလူထု ပူးပေါင်း ပါဝင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ကြိုးပမ်း အားထုတ်မှုဖြစ်သည်။ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုကို လျှော့ချနိုင်ရေးဖြစ်သည်။ ခေတ္တသည်းခံနေထိုင်ခြင်းဖြင့် ပြည်သူများလည်း ရောဂါကင်းဝေး၊ ကျန်းမာရေးဝန်ထမ်းများလည်း ဝန်ထုပ် ဝန်ပိုး လျော့ကျစေမည်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုပညာရှင်များ၊ စေတနာ့ ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်း ရှာဖွေခြင်း၊ အသွားအလာကန့်သတ်ခြင်း၊ လူနာများအား ကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်မှုကာလ ကြာမြင့်လာသည်နှင့်အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုများ ရှိနေကြမည်ဖြစ်သည်။
ကျန်းမာရေးဘက်ဆိုင်ရာမှ ထိုသို့ပင်ပန်းဆင်းရဲ အနစ်နာခံဆောင်ရွက် နေကြရာတွင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များအား လေးလေးစားစား၊ မှန်မှန်ကန်ကန် လိုက်နာ ဆောင်ရွက်ကြပါမှ ပင်ပန်းဆင်းရဲခံရကျိုးနပ်မည်ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အတည်ပြုဓာတ်ခွဲလူနာများ ထပ်မံတွေ့ရှိမှု၊ ခရီးသွား ရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေ့ရှိမှုများပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ပြင်ပသို့မထွက်ဘဲ မိမိနေအိမ်တွင်သာ အတတ်နိုင်ဆုံးနေထိုင်ရန် လိုအပ်ပါ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၈ မြို့နယ်မှ နေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်ကြသော ပြည်သူများအနေဖြင့် သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ရပ်/ ကျေးအုပ်ချုပ်ရေးပိုင်းအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်၊ ဥပဒေတို့နှင့်အညီ ရပ်ရွာနေပြည်သူများ စနစ်တကျလိုက်နာရေး၊ ရောဂါကင်းဝေးရေး၊ အခက်အခဲမရှိစေရေးအတွက် နေ့စဉ်ကြီးကြပ် ဆောင်ရွက်ပေးရန်လိုအပ်သည်။ ရပ်ရေး၊ ရွာရေးတို့ကို ဆောင်ရွက်ကြရာ၌ ပေါ့ပေါ့ဆဆလုပ်ဆောင်မှုသဘောဖြစ်စေ၊ ဝတ်ကျေတန်းကျေသဘော ဖြစ်စေ၊ ပြည်သူများအခက်အခဲဖြစ်အောင် လွန်လွန်ကဲကဲဖြစ်စေ မပြုလုပ် မိရန်အရေးကြီးသည်။ ပြည်သူအားလုံး ဒုက္ခအခက်အခဲရောက်နေချိန်တွင် ပြည်သူများအား မေတ္တာစေတနာထား၍ အတတ်နိုင်ဆုံးဖေးမပေးရမည် ဖြစ်သည်။
သို့ဖြစ်ရာ တစ်နေ့တခြား ကိုဗစ်ပိုးတွေ့လူနာများပြားလာနေချိန် တွင် ကျန်းမာရေးဝန်ထမ်းများ စိတ်ဓာတ်ခွန်အားမြင့်မားလာစေရေး၊ ကိုဗစ်- ၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ရပ်ရွာပြည်သူ လူထုအပိုင်းမှ မေတ္တာတရားဖြင့် စနစ်တကျပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။