
ရန်ကုန် မတ် ၇
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ် များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းကိုယ်စားလှယ်များ(NCA - S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက် ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်း ထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ စောကျော်ညွန့်၊ ဆော်လမွန်၊ ဒေါက်တာစိုင်းဦးနှင့် နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ “နှစ်ရက်တာ ကာလအတွင်း NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်တွေကို ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုများ ကဏ္ဍ တွေကို ဆက်ပြီးဆွေးနွေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း ကျွန်တော်တို့ ဆွေးနွေးထားခဲ့တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ကိစ္စကိုလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆွေးနွေးနေတဲ့ တစ်ပြိုင်တည်းမှာ အကောင်အထည် ဖော်နိုင်ဖို့အတွက် နှစ်ဖက်သဘောထားတွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဆွေးနွေးခဲ့တဲ့ အချက်တွေအပေါ်မှာ နှစ်ရက်တာကာလအတွင်းမှာ သဘောတူတဲ့ အချက်တွေရှိသလို ဆက်ဆွေးနွေးရမယ့် အချက်တွေလည်း အများကြီးရှိပါသေး တယ်။ နောက်ဆွေးနွေးပွဲတွေမှာတော့ တဖြည်းဖြည်းနဲ့ သဘောတူညီနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ဆက်တိုက်ကျင်းပသွားဖို့
အစည်းအဝေးတွေကို JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့အညီ ဆက်လက်ပြီး လျာထားသတ်မှတ်တဲ့ ရက်တွေအတိုင်း အလုပ်အဖွဲ့အစည်းအဝေး တွေကို ကျွန်တော်တို့ တောက်လျောက် ကျင်းပဆောင်ရွက်နိုင်ခဲ့ပါတယ်။ UPDJC အတွင်းရေးမှူးအစည်းအဝေး၊ UPDJC အစည်းအဝေး၊ JMC အစည်းအဝေးတို့ကို ဆက်တိုက်ကျင်းပသွားဖို့ရှိပါတယ်။ ဒီအရာတွေကို လုပ်ဆောင်ဖို့ နှစ်ဖက် သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။ အစည်းအဝေးတွေကနေတစ်ဆင့် JICM အစည်းအဝေးမှာ ပြန်လည်တင်ပြဖို့၊ JICM အစည်းအဝေးကျင်းပနိုင်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ သတ်မှတ်နိုင်ဖို့ကိစ္စတွေလည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ကြပါ တယ်။ ကျွန်တော်တို့ သတ်မှတ်လျာထားချက်တွေနဲ့အညီ အစည်းအဝေးတွေ ကျင်းပဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးချက်ရလဒ်အနေနဲ့ အများကြီးခရီး ရောက်ပါတယ်လို့ ပြောလိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
အသေးစိတ်ဆွေးနွေးညှိနှိုင်း
ဆက်လက်၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက “ဒီအစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေက ပြန်လည်ယူဆောင်လာတဲ့ အဆိုပြုချက်တွေကို အသေးစိတ်ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ပြီး သဘောတူညီချက်တွေ ထပ်မံရရှိခဲ့ပါတယ်။ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)မှာ ချုပ်ဆိုမယ့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်၊ ၂၀၂ဝ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ ဖက်ဒရယ်အခြေခံမူများကို ဒီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး ရှေ့သို့တစ်ဆင့်တက်လှမ်းနိုင်ခဲ့ခြင်းဟာ နှစ်ဖက်ပူးတွဲ အလုပ်အဖွဲ့ငယ်တွေရဲ့ ကြိုးပမ်းမှုကြောင့်ပဲ ဖြစ်ပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အစီအစဉ် များကို ညှိနှိုင်းနိုင်ခဲ့သလို UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို လာမယ့် မတ် ၁၀ ရက်နဲ့ UPDJC အစည်းအဝေးကို လာမယ့် မတ် ၁၂ ရက်မှာ ကျင်းပဖို့ သဘောတူညီခဲ့ခြင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်ဖို့အတွက် အရေးပါတဲ့ UPDJC ကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေတော့မှာ ဖြစ်ပါတယ်။
NCA စာချုပ်လက်မှတ် မရေးထိုးသေးတဲ့ EAO တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်လာနိုင်ရေး နည်းလမ်းများအတွက် ဒီအစည်းအဝေးမှာ အမြင်ချင်းဖလှယ် နိုင်ခဲ့တယ်။ ဖက်ဒရယ်အခြေခံမူရရှိရေးအတွက် အစိုးရက ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်မူ(၅)ချက် ဆွေးနွေးခဲ့သလို မိမိတို့အနေနဲ့ လည်း NCA-S EAO ရဲ့ ဖက်ဒရယ်မူတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ရရှိလာတဲ့ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)မှာ ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
သဘောတူညီခဲ့
ဒီတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သတ်မှတ်ထားတဲ့ အချိန်ကာလ အတွင်း ကျင်းပနိုင်ဖို့ မိမိတို့နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေကြားမှာ တစ်ဖက်ကို တစ်ဖက် နားလည်မှုရှိရှိနဲ့ လုပ်ငန်းအစီအစဉ်တွေမှာ လက်တွဲညီညီ ဝိုင်းဝန်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်” ဟု နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် အစိုးရနှင့် NCA-S EAO နှစ်ဖက်အလုပ်အဖွဲ့၏ (၈)ကြိမ်မြောက် (JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး တတိယ ညှိနှိုင်းအစည်းအဝေးအပြီးတွင် UPDJC အတွင်းရေးမှူးများအစည်းအဝေး ကို မတ် ၁၀ ရက်တွင် ကျင်းပရန်နှင့် UPDJC အစည်းအဝေးကို မတ် ၁၂ ရက် တွင် နေပြည်တော် NRPC ရုံးတွင် ကျင်းပရန် သဘောတူညီခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင်ချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာသဘောတူညီချက်၊ ၂၀၂ဝ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အစိုးရနှင့် NCA-S EAO တို့၏ ဖက်ဒရယ်အခြေခံမူများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်