မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရာခိုင်နှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်းကျော်ကျော်ခန့်တွင်သာ ရှိနေပြီး ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီအချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုအနေဖြင့် ၅၃၀၀၀၀ ကျော်သာ ရှိနေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုက လွှမ်းမိုးလျက်ရှိရာ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ပျံ့နှံ့နေပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုမှာ တစ်နေ့တည်းတွင် ၁ သန်းခန့်ရှိကြောင်း သတင်းများက မိမိတို့ အနေဖြင့်လည်း သတိပြုဖွယ်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူအချို့တွင် အိုမီခရွန်ကူးစက်ခံရသူအချို့ ပါရှိနေသည် ကို စစ်ဆေးတွေ့ရှိရပြီး သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်ထား သည်ဟု သိရသည်။
အိုမီခရွန်မျိုးကွဲသည် ကူးစက်မှုနှုန်း လွန်စွာ မြန်ဆန်မြင့်မားသော် လည်း ရောဂါပြင်းထန်မှု နည်းပါးခြင်းကြောင့် အလွန်အမင်း စိုးရိမ် ပူပန်ရန်မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပြီး ရောဂါဖြစ်ပွားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ အလွန်အမင်းစိုးရိမ်ပူပန်ရန်မလိုဟုဆိုရာတွင် မေ့လျော့ပေါ့ဆမှုမပြုရန်လည်း ဂရုပြုကြရမည်ဖြစ်သည်။ အိုမီခရွန်ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၎င်းကိုဗစ်-၁၉ ရောဂါ မျိုးဗီဇအသစ်ကြောင့် အသက်ဆုံးရှုံးမှုစုစုပေါင်း ၁၀၀ ကျော်ရှိနေသည့်အချက်က မပေါ့ဆရန် သတိပေးနေခြင်းပင် ဖြစ်သည်။ ကပ်ရောဂါတစ်ခု ကူးစက်ပျံ့နှံ့မှုကာလ ရှည်ကြာသည် နှင့်အမျှ နောက်ထပ် နောက်ထပ် မျိုးကွဲသစ်များ ပေါ်ပေါက်လာခြင်းနှင့် အတူ ရောဂါလက္ခဏာများ ကွဲပြားလာခြင်း၊ လက်ရှိကာကွယ်ဆေးများ ၏ ထိရောက်မှုအာနိသင်များ လျော့နည်းလာခြင်း၊ ကုထုံးများ ပြောင်းလဲရခြင်း စသည့် ပြဿနာအသစ်များလည်း ထပ်မံပေါ်ပေါက် လာလေ့ရှိကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားလျက်ရှိရာ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အရေးကြီးသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ဒယ်လ်တာ ကူးစက် ပျံ့နှံ့ခဲ့သည့် တတိယလှိုင်းကာလအစပိုင်းတွင် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကျရောက်မှုပမာဏ ကြီးမားစွာနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် ဆရာမများ၊ ဝန်ထမ်း များ၊ တပ်မတော်ဆေးဘက်ဆိုင်ရာမှ အရာရှိ၊ အကြပ်စစ်သည်များ၊ လူမှုကူညီရေးပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများ၏ တစ်တပ်တစ် အား စုစည်းမှု စွမ်းအားဖြင့် ရင်ဆိုင်ဖြေရှင်းကာ အောင်မြင်မှုလည်း ရရှိခဲ့ကြသည်။ ယင်းအတွေ့အကြုံများက နောက်ထပ်ကြုံတွေ့လာရ မည့် ကပ်ရောဂါလှိုင်းများအတွက် တန်ဖိုးရှိလှစွာသော သင်ခန်းစာ များပင် ဖြစ်ရာ ရောဂါကူးစက်မှု ဟန့်တားထိန်းချုပ်ရေးတွင် လူတိုင်း ကိုယ်စီပါဝင်ခြင်းဖြင့် အိုမီခရွန်ကိုလည်း ကာကွယ်နိုင်မည်မှာ မုချပင် ဟု ယုံကြည်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် လူစုလူဝေးကို ရှောင်ခြင်း၊ ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ မကြာမကြာ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာနေခြင်းဟူသော အခြေခံစည်းမျဉ်း များက နောက်ထပ်မျိုးဗီဇကွဲများ မည်မျှပေါ်ပေါက်လာစေကာမူ တားဆီးကာကွယ်နိုင်သည့် အလေ့အကျင့်များပင် ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သော သတင်း အချက်အလက်များ၊ အသိပေးနှိုးဆော်တိုက်တွန်းချက်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ခြင်းအားဖြင့် ကမ္ဘာမြေပေါ်တွင် ကြာရှည်စွာ ရှိနေဦးမည်ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါမှ လွတ်ကင်းကာ ကျန်းမာခြင်းနှင့် ပြည့်စုံသည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း။ ။