
ရန်ကုန် ဇန်နဝါရီ ၇
၂၀၂၂ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သုံးသင်းမှာ ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၂၂ အာရှဖလား ဖူဆယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
၂၀၂၂ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံး အဆင့်ကို ကူဝိတ်နိုင်ငံတွင် စက်တင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ကူဝိတ်အသင်း၊ ခြေစစ်ပွဲ အောင် ၁၅ သင်း စုစုပေါင်း ၁၆ သင်းဖြင့် ကျင်းပမည် ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပ မည့် ၂၀၂၂ အာရှဖလား ဖူဆယ်ပြိုင်ပွဲတွင် အာဆီယံ ဇုန်မှ သုံးသင်းယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ဇုန်အလိုက် ခြေစစ်ပွဲများကျင်းပမည်ဖြစ်ကာ ဇုန်လေးခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့ပြီး အရှေ့အာရှဇုန်၊ အနောက်အာရှဇုန်၊ တောင်အာရှနှင့် အလယ်ပိုင်းဇုန်တို့အတွက် အုပ်စုများခွဲဝေခဲ့ကာ အာဆီယံဇုန်မှာမူ ခြေစစ်ပွဲ သီးခြားမကျင်းပဘဲ ဧပြီ တွင် ပြုလုပ်မည့် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ မှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သုံးသင်း အား ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ အခြားဇုန်များ အတွက် အုပ်စုမဲခွဲမှုအရ အနောက်အာရှဇုန် အုပ်စု (က)တွင် လက်ဘနွန်၊ ဆော်ဒီအာရေဗျ၊ ပါလက် စတိုင်း၊ အိုမန်၊ အုပ်စု(ခ)တွင် အီရတ်၊ ဘာရိန်း၊ ယူအေအီး၊ အရှေ့အာရှဇုန် အုပ်စု(က)တွင် ဂျပန်၊ တရုတ်၊ မွန်ဂိုလီးယား၊ အုပ်စု (ခ) တွင် တရုတ်တိုင်ပေ၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ တောင်အာရှနှင့် အလယ်ပိုင်းဇုန် အုပ်စု (က) တွင် အီရန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု(ခ)တွင် ဥဇဘက် ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ နီပေါ အသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည် အာဆီယံဇုန်တွင် ပါဝင် နေပြီး အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးသင်း စာရင်းဝင်ပါက ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာ အသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် တွင် ၂၀၁၈ တစ်ကြိမ်သာ ယှဉ်ပြိုင်ဖူးပြီး ၂၀၂၀ ပြိုင်ပွဲ ကိုမူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖျက်သိမ်းခဲ့ရ သည်။
ရဲရင့်လွင်